တရုတ်က အသံထက်မြန်ပြီး လေထဲတွင်ပျံသန်းနိုင်၊ ရေအောက်တွင်သွားလာနိုင်သည့် သင်္ဘောဖျက်ဒုံးကျည် တီထွင်

တရုတ်က အသံထက်မြန်ပြီး လေထဲတွင်ပျံသန်းနိုင်၊ ရေအောက်တွင်သွားလာနိုင်သည့် သင်္ဘောဖျက်ဒုံးကျည် တီထွင်
စက်တင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များက ဘိုရွန်စွမ်းအင်သုံး အသံထက်မြန်သည့် ဒုံးကျည်တစ်မျိုးကို တီထွင်ဖန်တီးနေပြီး ထိုဒုံးကျည်က လေထဲတွင် ပျံသန်းနိုင်သလို ရေထဲတွင်လည်း တော်ပီဒို ကဲ့သို့ သင်္ဘောများကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိရသည်။ 

အရှည် (၁၆.၄) လက်မရှိသည့် ထိုဒုံးကျည်အမျိုးအစားသစ်က စီးပွားဖြစ်လေကြောင်းလိုင်းမှ လေယာဥ်များ ပျံသန်းလေ့ရှိသည့် အမြင့်ပေနှင့်တူညီသော ပေ (၃၂,၈၀၀) ခန့်တွင် အသံထက် (၂.၅) ဆ ပိုမြန်သည့် အမြန်နှုန်းဖြင့် (၁၂၄) မိုင်အကွာအဝးကို ရောက်ရှိနိုင်သည်။

ထို့နောက် ရေထဲသို့ ငုပ်ဆင်းသွားပြီး (၁၂) မိုင်ကျော် အကွာအဝေးကို ရောက်ရှိနိုင်ကြောင်း သိရသည်။ 

ပစ်မှတ်မှ (၆.၂) မိုင်အကွာအတွင်း ရောက်ရှိချိန်တွင် တော်ပီဒိုပုံစံပြောင်းသွားပြီး ရေအောက်တွင် တစ်စက္ကန့်လျှင် (၁၀) မီတာအထိ အမြန်နှုန်းဖြင့် ဖြတ်သန်းသွားနိုင်ကြောင်း သုတေသီများက ပြောသည်။ 

ထိုဒုံးကျည်မှာ လိုအပ်သလို လမ်းကြောင်းပြောင်းနိုင် သို့မဟုတ် ရေအောက်အနက် (၃၂၈) ပေအထိ ငုပ်လျှိုးနိုင်ပြီး ရေအောက်ကာကွယ်ရေးစနစ်များကို အရှိန်မပျက် ရှောင်ရှားနိုင်သည်ဟု ဆိုသည်။

ယခု ဒုံးကျည်အမျိုးအစားသစ်၏ စွမ်းအင်စနစ်အတွက် စီမံကိန်းကို Hunan ပြည်နယ် Changsha မြို့ရှိ ကာကွယ်ရေးနည်းပညာတက္ကသိုလ် National University of Defence Technology က Chinese Society of Astronautics ၏ စက်တင်ဘာလ (၈) ရက်နေ့ထုတ် Journal of Solid Rocket Technology ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဒုံးကျည်၏ စွမ်းအင်အတွက် အသုံးပြုထားသည့် ဘုရွန် (Boron) ဓာတုဒြပ်စင်ကို ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်လေတပ်က အသံထက်မြန်သည့် ဗုံးကြဲလေယာဥ်များ၏ စွမ်းအင်တိုးမြှင့်ရန် ဂျက်လေယာဥ် လောင်စာဆီတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ 

သို့သော် ဘိုရွန်အမှုန်များ လောင်ကျွမ်းမှုကို ထိန်းချုပ်ရန်ခက်ခဲပြီး အပျက်အစီးအလွှာတစ်ခု ဖြစ်ပေါ်လာကာ ၎င်းက အင်ဂျင်စွမ်းရည်ကို တဖြည်းဖြည်း ကျဆင်းစေမှုကြောင့် အမေရိကန်လေတပ်က ထိုစီမံကိန်းကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

 

Source: SCMP