ဖရူဆိုမြို့နယ်အတွင်း ငွေတောင်ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းတပ်ဖွဲ့တို့ (၅)ကြိမ် တိုက်ပွဲဖြစ်ပွား

ဖရူဆိုမြို့နယ်အတွင်း ငွေတောင်ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းတပ်ဖွဲ့တို့ (၅)ကြိမ် တိုက်ပွဲဖြစ်ပွား
စက်တင်ဘာ 6, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊  လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု ငွေတောင်ရွာသစ်ကျေးရွာတွင် စက်တင်ဘာလ (၃)ရက်နေ့ကနေ  (၅)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆို PDF က ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စက်တင်ဘာလ(၃)ရက်နေ့က ငွေတောင်ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ်ကား (၁)စီး  မြောင်းထဲထိုးကျ ပျက်စီး

ဆက်လက်၍ စက်တင်ဘာလ(၄)ရက်နေ့တွင်  ငွေတောင်ရွာသစ်ကျေးရွာ၌ ဒီးမော့ဆိုဖက်သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာ ညနေ(၅)နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ်ကား (၁)စီး  မြောင်းထဲထိုးကျ ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ(၅)ရက်နေ့ကလည်း   ငွေတောင်ရွာသစ်ကျေးရွာအတွင်း ပြည်သူများ၏ နေအိမ်၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို RPG (၂)လုံးဖြင့် အနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ  ထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

(၃)ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး အထိနာသွားသည့် စစ်ကောင်စီတပ်သည် ဖရူဆို - ဒီးမော့ဆို လမ်းမကြီးတလျှောက်နှင့် ၎င်းတပ်ခွဲထားသော  ကျေးရွာအတွင်း နင်းမိုင်းအများအပြား ထောင်ထားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်