လွိုင်ကော်မြို့တွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ ကားများဖြင့် လှည့်လည်နေပြီး အတားအဆီးအချို့ကို ဖယ်ရှားနေ

လွိုင်ကော်မြို့တွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ ကားများဖြင့် လှည့်လည်နေပြီး အတားအဆီးအချို့ကို ဖယ်ရှားနေ
မေ 6, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မေလ(၆ )ရက်နေ့ နံနက်ပိုင်း(၉)နာရီကျော်ကစ၍  အာဏာသိမ်း စစ်ကောင်စီ၏ ရဲကားနှင့်စစ်ကားများ လှည့်လည်နေပြီး ပြည်သူ့လုံခြုံရေး အတားအ​ဆီး အချို့ကို လိုက်လံ ဖယ်ရှားနေကြောင်းသိရသည်။ 

"ခု သူတို့ရောက်နေတာက နောင်ယား ရပ်ကွက်ထဲမှာ ။ ကားတွေနဲ့ လှည့်ပတ်နေတယ်။ အတားအဆီးတွေ ဘာတွေ ဖယ်တာရှိတယ်။ မနက်ဆိုရောက်လာပြီ။ နေ့စဥ်နဲ့အမျှဆိုတော့ စိတ်အနှောက်ယှက်ဖြစ်စေတယ်"ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်များက နေ့စဥ် လွိုင်ကော်မြို့တွင်း လှည့်လည်နေသလို ညပိုင်းများတွင် လည်း နေ့စဥ်သေနတ်ပစ်ခက်မှုတွေ ပြုလုပ်နေကြောင်း သိရသည်။

 

"နေ့ဆိုလည်း ဆန္ဒပြတာ မရှိတဲ့ ရပ်ကွက်တွေလည်း လာတယ် ။ မထင်ရင်မထင်သလို ပစ်တယ်။ ဟိုဟာတွေ ရိုက်ချိုး ဒီဟာတွေ ရိုက်ချိုး လုပ်တယ်။ သေနတ်တစ်ကားကားနဲ့ ဆိုတော့ နေ့တိုင်း ဘယ်သွားသွားမလုံခြုံတော့ဘူး လို့အမြဲ ခံစားနေရတယ်။ မသိရင် ဒုစရိုက်သမားတွေ ကြားထဲနေနေရသလိုပဲ ။ စိတ်ပျက်တာပေါ့ရှင် ။ "ဟုလွိုင်ကော်မြို့ခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များတွင် အဖွဲ့များခွဲ၍ လမ်းမကြီးများပေါ်တွင် အထိုင်ချ၍ စောင့်ကြည့်ခြင်းများကို စစ်ကောင်စီ မှ နေ့စဥ် နေ့ည မပျက်လုပ်​ဆောင်လာကြောင်းသိရသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ထား၍ ပြည်သူများ ညပိုင်းမထွက်ကြပဲ  စစ်တပ်နှင့်ရဲများသာ ညဖက်ထွက်ကာ လှည့်ကင်းဆောင်ရွက်နေကြသည့် လွိုင်ကော်မြို့တွင် ဧပြီလ(၆)ရက်နေ့အကူးပိုင်းကလည်း လောဓမ္မရပ်ကွက်ရုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။