ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခွင့် တောင်းထားခြင်း မရှိဟုဆို

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခွင့် တောင်းထားခြင်း မရှိဟုဆို
သြဂုတ် 15, 2020
By Tachileik News Agency
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခွင့် တောင်းထားခြင်းမရှိဟုဆို
KSDP ပါတီဥက္ကဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တွေ့ဆုံခွင့် တောင်းသည့် နိုင်ငံရေးပါတီများတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) မပါဝင်ကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၌ အဆိုပါ ပါတီတာဝန်ရှိသူက ထုတ်ဖေါ်ပြောကြားသည်။
"သူ့ကိုတွေ့ဖို့ဆိုတာ ကျွန်တော်တို့ တောင်းဆိုတာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခြားပါတီတွေတော့ ရှိကောင်းရှိနိုင်တာပေါ့နော်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ သူ့ကို သွားတွေ့တယ်၊ သူ့ကို သွားတွေ့ချင်တယ်ဆိုတာမျိုးတွေ လုံးဝ မဟုတ်ဘူးပေါ့နော်။ အခုသွားဖြစ်လိုက်တဲ့အကြောင်းရင်းကတော့ ပါတီဥက္ကဌကို အစည်းအဝေးလေးတက်ပေးပါ၊ တွေ့ချင်တယ်ဆိုတာ ဖုန်းဆက်လာလို့ သူက သွားလိုက်တာပေါ့နော်။ ကျွန်တော်တို့ပါတီကနေ ဆုံးဖြတ်ချက် တစ်စုံတစ်ရာချလိုက်တာမျိုး မဟုတ်ဘဲ သူ့သဘောနဲ့သူ သွားလိုက်တာပေါ့နော်။ တစ်ခြားပါတီကိုတော့ ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ကာချုပ်နဲ့တွေ့လိုတယ်ဆိုတဲ့စကားရပ်ကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ပါတီမှာ ဒီသဘောထား မရှိပါဘူး။ သို့သော်လည်း ၂၀၂၀ မှာ သို့မဟုတ်ရင်လည်း နောက်ပိုင်းကဏ္ဍ အစိုးရအခန်းကဏ္ဍမှာ တပ်တွေနဲ့ မပတ်သက်လို့မဖြစ်တဲ့ အချို့ကိစ္စရပ်တွေကတော့ တစ်ပိုင်းပေါ့။ အခုလက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ပါတီဘက်က တောင်းဆိုပြီး သွားတွေ့တာ လုံးဝမဟုတ်ပါဘူး" ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၅)ရက်နေ့၌ ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ (၃၄)ခုနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သြဂုတ်လ (၁၄) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံကြရာတွင် နိုင်ငံရေးပါတီအချို့က ဖေဖေါ်ဝါရီလကတည်းက လာရောက်တွေ့ဆုံမိတ်ဆက်လိုကြောင်း စာများပေးပို့ထားခဲ့ကြသော်လည်း COVID 19 ကြောင့်နှောင့်နှေးနေပြီး ယခုမှစီစဉ်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အား တွေ့ဆုံခွင့်တောင်းခဲ့ဖူးခြင်းမရှိကြောင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ပါတီ၏ ဥက္ကဌဖြစ်သူက မိမိဆန္ဒသဘောဖြင့် တွေ့ဆုံပွဲတက်ရောက်ခြင်းသာဖြစ်၍ ပါတီကို ကိုယ်စားမပြုကြောင်းကို သြဂုတ်လ (၁၅)ရက်နေ့၌ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လာသည်ကို တွေ့ရသည်။
အဆိုပါ တွေ့ဆုံပွဲတက်ရောက်ခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ မဟာမိတ်ပါတီဖြစ်သည့် ကယန်းအမျိုးသားပါတီကလည်း ကန့်ကွက်သည်ဟု ဆိုသည်။
" ခုကျွန်တော်တို့ပါတီကနေ ခုလို လုပ်သွားတဲ့အပေါ်မှာလည်း မိတ်ဖက်ပါတီက သဘောမကျပါဘူး။ သူတို့ကို တိုင်ပင်ဆွေးနွေးတာ၊ အကြံဉာဏ်ရယူတာ လုပ်တာမရှိတဲ့အတွက် သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ ပါတီထဲကတောင်မှ ဒီလိုမျိုးသဘောထားရှိတယ်။ ဒီလိုမျိုးသဘောထားထွက်တယ်ဆိုတော့ သူတို့ပါတီအနေနဲ့ကတော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်တာပါ"ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။
ပါတီဥက္ကဌအနေဖြင့် မိမိသဘောဆန္ဒဖြင် တွေ့ဆုံပွဲ တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရက်ပိုင်းအတွင်း ပါတီတွင်း ဆွေးနွေးမှုကို လုပ်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ လက်ရှိရွေးကောက်ပွဲအတွက်ကို စဉ်းစားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီမှာ လုပ်သွားတဲ့ လုပ်ရပ်အတွက်တော့ ပါတီတွင်းမှာ အကျေအလည်ပြန်ပြီးတော့ ဆွေးနွေးရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချမလဲဆိုတာတော့ ပြောလို့မရသေးဘူး။ အဲဒါက လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်းမှာ သေချာ ဆွေးနွေးပြီးတော့မှ  ဒီလုပ်ရပ်အပေါ် ဘယ်လိုဆက်သွားကြမလဲ၊ ၂၀၂၀ အတွက်ကို ဘယ်လိုဆက်သွားကြမလဲ၊ နောက်လူထုကြားမှာ ယုံကြည်မှုတည်ဆောက်တဲ့အခါ ကျွန်တော်တို့ ဘယ်လိုပြန်လုပ်မလဲဆိုတာတော့ ကျွန်တော်တို့ ဆွေးနွေးပြီးမှ ပြောလို့ရမှာပါ"ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင်း မဲဆန္ဒနယ် (၃၀)နေရာနှင့် မိတ်ဖက်ပါတီဖြစ်သည့် ကယန်းအမျိုးသားပါတီက မဲဆန္ဒနယ် (၄)နေရာ စုစုပေါင်း (၃၄)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~