မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကူလာသည့် စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင် သေဆုံးနေပုံ လူမှုကွန်ယက်တွင် ပျံ့နှံ့နေ

မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကူလာသည့် စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင် သေဆုံးနေပုံ လူမှုကွန်ယက်တွင် ပျံ့နှံ့နေ

ရခိုင်ပြည်နယ် မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကူလာသည့် စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင် သေဆုံးသည့် ဓာတ်ပုံအား Tachileik News Agency က ရရှိထားသည်။

အဆိုပါဓာတ်ပုံသည် တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ (၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာက သေဆုံးအလောင်းများ ဖြစ်သည်ဟု ဒေသခံများက Tachileik News Agency ကို အတည်ပြုသည်။

"အဲဒီ လယ်ကွင်းပြင်က ငါးတန်ပြင်ကျေးရွာနဲ့ ကြပ်စင်တံတားနားက လယ်ကွင်း။ မင်းပြားတိုက်ပွဲတုန်းကပုံ။ စစ်ကူလာတုန်းက AA ဆော်ထည့်လိုက်လို့ သေနေတဲ့ စစ်ကောင်စီတပ်သားတွေ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AAက အတည်ပြုသတင်းထုတ်ပြန်ထားသည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ပွဲသို့ စစ်ကာလာသည့် စစ်ကောင်စီတပ်သားများဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ကစတင်ကာ ရက္ခိုင့်တပ်တော်က မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ပြီးခဲ့သည့် ရက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency