မာရီယူပိုးကို ခုခံကာကွယ်နေသည့် တပ်ဖွဲ့တွေက ရုရှားကို အဆုံးအထိ တိုက်သွားမည်ဟု ယူကရိန်း ဝန်ကြီးချုပ်ပြော

Photo: Reuters,
Photo: Reuters,
မာရီယူပိုးကို ခုခံကာကွယ်နေသည့် တပ်ဖွဲ့တွေက ရုရှားကို အဆုံးအထိ တိုက်သွားမည်ဟု ယူကရိန်း ဝန်ကြီးချုပ်ပြော
By Mr John

 မာရီယူပိုးမြို့ကို ခုခံကာကွယ်နေသော မိမိတို့၏ တပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့တွေကို အဆုံးအထိ တိုက်ခိုက်သွားမည်ဟု ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ပြောကြားလိုက်ပြီး ကျန်ရှိနေသည့် တိုက်ခိုက်ရေးသမားများ လက်နက်ချ အညံ့ခံရန် ရုရှားဘက်က ရာဇသံပေးထားသော်လည်း အရေးပါသည့် ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုးမှာ လက်ရှိအချိန်အထိ ရုရှားလက်အောက်သို့ ကျရောက်ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။



မာရီယူပိုးမြို့ရှိ ယူကရိန်းတပ်ဖွဲ့များ ဧပြီ (၁၇) ရက်နေ့တွင် လက်နက်ချရန် ရုရှား၏ ရာဇသံကို လျစ်လျူရှုထားလိုက်ကြောင်း ABC News သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် Denys Shmyhal က ပြောသည်။

"မြို့က မကျသေးပါဘူး။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ အဲဒီမှာ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့ရဲ့ စစ်သားတွေပါ။ သူတို့က အဆုံးအထိ တိုက်ခိုက်သွားမှာပါ။ အခုအချိန်အထိ သူတို့ မာရီယူပိုးမှာ ရှိနေဆဲဖြစ်ပါတယ်" ဟု ယူကရိန်းဝန်ကြီးချုပ်က ပြောခဲ့သည်။



ရုရှားဘက်က ပြောထားသည့် မာရီရုရှားက မာရီယူပိုးကို မြေလှန်ဖျက်ဆီးရန် ရွေးချယ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဆိုသည်။

ဒေသခံ အစိုးရတာဝန်ရှိသူများ၏ အဆိုအရ မာရီယူပိုးမြို့ အဝင်အထွက် အားလုံးကို ပိတ်ပင်သွားမည်ဟု ရုရှားတပ်ဖွဲ့တွေက ကြေညာထားကြောင်းလည်း သိရသည်။

မာရီယူပိုး တစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်ရန်မှာ ရုရှားအတွက် အဓိက မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်သည်ဟု ယူဆရပြီး ထိုနေရာကို သိမ်းပိုက်ခြင်းဖြင့် ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်း၏ ကျယ်ပြောသည့် နယ်မြေကို ထိန်းချုပ်နိုင်မည်ဟု ဆိုသည်။



မာရီယူပိုးမြို့ခံများသည် ခရိုင်တစ်ခုနှင့်တစ်ခုကြား သွားလာရာတွင် တန်းစီသွားရကြောင်းနှင့် အချို့မှာ ၎င်းတို့၏ ဖုန်းများ အသိမ်းခံရနိုင်ကြောင်း မြို့တော်ဝန်၏ အကြံပေးတစ်ဦးဖြစ်သူ Petro Andryushchenko က ပြောသည်။

ထို့အပြင် ရုရှားတပ်ဖွဲ့တွေက မာရီယူပိုးမြို့ပြင်ရှိ စစ်ဆေးရေးစခန်းများတွင် ယူကရိန်းနိုင်ငံသား ၂၀,၀၀၀ ထက်မနည်းကို ထိန်းသိမ်းထားသည်ဟုလည်း ၎င်းကဆိုသည်။



မာရီယူပိုး တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီဟု ရုရှားစစ်တပ်ဘက် ပြောခဲ့ပြီး ထိုမြို့ရှိ Azovstal စတီးလ်စက်ရုံကြီးကို ယူကရိန်း၏ Azov တပ်ရင်းက ထိန်းချုပ်ထားဆဲဟု သိရသည်။

မာရီယူပိုးမြို့တွင် ယူကရိန်းတပ်ဖွဲ့ဝင် ၅၀၀ မှ ၈၀၀ အထိ ရှိနေနိုင်သေးကြောင်း လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့အစည်း Sybilline မှ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Justin Crump က BBC သတင်းဌာနကို ပြောသည်။

ထိုစတီးလ်စက်ရုံကြီးတွင် နျူကလီးယားဗုံးခိုကျင်းများ၊ ဥမင်လှိုက်ခေါင်းများရှိပြီး နျူကလီးယားစစ်ပွဲဒဏ်ခံနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခုခံကာကွယ်ရန် ကောင်းစွာပြင်ဆင်ထားသည့်နေရာဟုလည်း ၎င်းကဆိုသည်။



ထိုအတောအတွင်း ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအနောက်ပိုင်းရှိ Lviv မြို့ အပါအဝင် ယူကရိန်းမြို့တွေကို ဧပြီ (၁၈) ရက်တွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ Lviv မြို့တွင် စစ်တပ်အဆောက်အအုံများနှင့် မော်တော်ကားတာယာဆိုင်ကို ဒုံးကျည်လေးစင်း ထိမှန်ခဲ့မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ပြောသည်။ ယူကရိန်းမြို့တော် ကိဗ်မြို့တွင်လည်း ပေါက်ကွဲသံများကြားရသည်ဟု ဆိုသည်။



ထို့အတူ ယူကရိန်းမြောက်ပိုင်းရှိ Kharkiv မြို့နှင့် တောင်ပိုင်းရှိ Mykolaiv မြို့တို့ကိုလည်း ရုရှားတပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများအတွင်း Kharkiv မြို့တွင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်အတူ ယခုစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ခိုက်မှုများ ပြင်းထန်နေဆဲ ဖြစ်သည်။



စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ မှ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၁၀,၀၀၀ ခန့် ဒဏ်ရာရခဲ့သော်လည်း  အရပ်သား သေကျေဒဏ်ရာရသည့်စာရင်း မပါဝင်ကြောင်း CNN နှင့် အင်တာဗျူးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောခဲ့သည်။

ဇီလန်းစကီးက စစ်ပွဲအတွင်း ရုရှားစစ်သား ၁၉,၀၀၀ မှ ၂၀,၀၀၀ သေဆုံးခဲ့သည်ဟုဆိုထားသော်လည်း ရုရှားဘက်က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ရာမှာတော့ ၎င်းတို့၏တပ်ဖွဲ့ဝင် ၁,၃၁၅ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီလ (၁၈) ရက်နေ့တွင် ပြောကြားချက်အရ စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံမှ ထွက်ပြေးရသူ ၄.၉ သန်းကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။



Source: BBC, CNN, Reurtes