အခက်အခဲများအကြားက ထိုင်းနိုင်ငံ၏ မယ်စကြဝဠာအလှမယ် ဖြစ်လာသူ

အခက်အခဲများအကြားက ထိုင်းနိုင်ငံ၏ မယ်စကြဝဠာအလှမယ် ဖြစ်လာသူ
By Mr John

 

လူတစ်ဦးက မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါက အိပ်မက်များ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု ထိုင်းနိုင်ငံ၏ ၂၀၂၂ ခုနှစ် မယ်စကြဝဠာ Anna Sueangam-iam က ခံယူထားသလို သူမကိုယ်တိုင် သက်သေပြခဲ့သည်။ 

သူမ၏ မိဘများက ဘန်ကောက်မြို့တွင် အမှိုက်သိမ်းဝန်ထမ်းများဖြစ်ကြပြီး Anna မှာ ဗုဒ္ဓဘာသာ သီလရှင်ဖြစ်သည့် အဘွား၏မိခင်ဖြစ်သူနှင့်အတူ ကြီးပြင်းခဲ့ရသည်။

ထိုသို့သော ဘဝအခြေအနေဖြင့် ကြီးပြင်းခဲ့ရသူ အသက် (၂၃) နှစ်အရွယ် Anna က ဇူလိုင်လ (၃၀) ရက် ညပိုင်းတွင် ကျင်းပပြလုပ်ခဲ့သော ထိုင်းနိုင်ငံ၏ ၂၀၂၂ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲတွင် အနိုင်ရပြီး မယ်စကြဝဠာအလှမယ် သရဖူကို ဆင်မြန်းခွင့်ရရှိခဲ့သည်။ 

သူမ၏ မိဘများက ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်လုပ်ကိုင်ကြသည်ဟု Anna က ဆိုသည်။

ဖခင်မှာ အမှိုက်ကားတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး မိခင်ဖြစ်သူက ဘန်ကောက်လမ်းမများတစ်လျှောက် အမှိုက်လှဲကျင်းသည့်အလုပ်နှင့် အိမ်အကူအလုပ်တို့ကို လုပ်ကိုင်ကြောင်း Anna က ထုတ်ဖော်ပြောခဲ့သည်။ 

သူမက အမှိုက်ပုံများနှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူမ၏ ကစားစရာများကလည်း မိဘများ အမှိုက်ပုံကနေ ကောက်ယူလာပြီး သူမအတွက် ပြင်ပေးထားသည့် အရုပ်အကျိုးအပျက်လေးများ ဖြစ်ခဲ့သည်။

Anna ၏ ငယ်ဘဝတွင် အခြား ကလေးငယ်များကဲ့သို့ အပြင်ထွက်လည်ပတ်မှု လုံးဝမရှိခဲ့ဘဲ အမှိုက်ပုံများကသာ သူမအတွက် ရင်းနှီးကျွမ်းဝင်စရာ ပြင်ပနေရာများ ဖြစ်ခဲ့သည်။ 

အစိမ်းရောင်အမှိုက်ကားပေါ်တွင် အလုပ်လုပ်သည့် ၎င်း၏ ဖခင်ဖြစ်သူနှင့်အတူ Anna က လိုက်ပါလေ့ရှိပြီး သူမ၏ ငယ်ဘဝတစ်လျှောက် အမှိုက်များနှင့်အတူ အနီးကပ်နေခဲ့ရသည်။

 The Nation

Anna က ကွယ်လွန်သွားပြီဖြစ်သည့် အဘွား၏မိခင်ဖြစ်သူ သီလရှင်နှင့်အတူ နေထိုင်ကြီးပြင်းခဲ့ရသူလည်းဖြစ်ရာ ဆွမ်းခံလိုက်ခဲ့ဖူးသလို ဆွမ်းခံရရှိသော အစားအစာများကို စားခဲ့ရသည်။ 

အလုပ်ကြိုးစားလုပ်ကိုင်သည့် မိဘများအစား Anna ကို ကျောင်းထားပေးခဲ့သည့် သီလရှင်ကြီးက သူမကို ပြုစုစောင့်ရှောက်ခဲ့သည်ဟု ဆိုသည်။

အဘွား၏မိခင်ဖြစ်သူထံမှ ဘာသာရေးအဆုံးအမများကလည်း သူမ၏ဘဝကို လမ်းပြပေးခဲ့သည်ဟု Anna က ဖွင့်ဟသည်။ 

"ဘယ်နေရာမှာ မွေးတယ်ဆိုတာနဲ့ ဘောင်ခတ်မထားပါနဲ့။ လုံလောက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့အတူ ကျွန်မတို့ရဲ့ဘဝကို ပြောင်းလဲနိုင်ပါတယ်" ဟု အလှမယ်ပြိုင်ပွဲအတွင်း Anna က ပြောခဲ့သည်။

 The Nation

သူမအနေဖြင့် ၂၀၂၂ ခုနှစ် မယ်စကြဝဠာအလှမယ်ဘွဲ့ (Miss Universe Thailand 2022) ဆွတ်ခူးရရှိခဲ့ခြင်းအပေါ် အံ့ဩတုန်လှုပ်နေဆဲဖြစ်ကြောင်း Anna က ဖွင့်ဟခဲ့သည်။ 

"ကျွန်မတို့ ဘယ်နေရာမှာ မွေးခဲ့တာဖြစ်ပါစေ ကျွန်မတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် ကျွန်မတို့ အောင်မြင်နိုင်ပြီး အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်ပါတယ်ဆိုတာ ဒီနေ့က လူတိုင်းအတွက် သက်သေပါပဲ" ဟု အလှမယ် Anna က ပြောသည်။

သူမ၏ မိဘများက သူမကို မည်သည့်အခါကမျှ အချစ်မလျော့ခဲ့ကြောင်းနှင့် မိဘများနှင့် အဘွား၏မိခင်တို့၏ ချစ်ခြင်းမေတ္တာက သူမ၏ အောင်မြင်မှုအတွက် ကြီးမားသည့်ခွန်အား ဖြစ်ခဲ့သည်ဟုလည်း Anna က ဆိုသည်။ ‌

ထိုင်းနိုင်ငံ၏ မယ်စကြဝဠာအလှမယ်ဘွဲ့ရ Anna က Kasetsart တက္ကသိုလ်မှ လစ်ဘရယ်အနုပညာနှင့် သိပ္ပံဘာသာရပ်ဖြင့် ဂုဏ်ထူးတန်းတက်ခွင့်ရ ဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။

Source: Bangkok Post