အာဏာသိမ်းထားမှုကြောင့် ပိုမိုနိမ့်ကျမှုဆီ ဦးတည်နေသည့် မြန်မာ

Photo:  စမ်းချောင်း ပင်မ သပိတ်စစ်​ကြောင်း
Photo: စမ်းချောင်း ပင်မ သပိတ်စစ်​ကြောင်း
အာဏာသိမ်းထားမှုကြောင့် ပိုမိုနိမ့်ကျမှုဆီ ဦးတည်နေသည့် မြန်မာ
ဇူလိုင် 29, 2022 | ဆောင်းပါး
By Mr John

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကတည်းက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းသည့် ဆွေးနွေးညှိနှိုင်းရေးတို့ကို ကမ္ဘာ့အသိုင်းအဝိုင်း၏ တောင်းဆိုနေခဲ့မှု (၁၈) လကြာခဲ့ပြီးနောက် မြန်မာစစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်လိုက်ခြင်းဖြင့် ၎င်း၏ ဆိုးယုတ်သော စိတ်ထားကို ဖော်ပြလိုက်သည်။

သေဒဏ်စီရင်ခံရသူ (၄) ဦးမှာ ယခုနှစ်အစောပိုင်းမှစပြီး စစ်အုပ်စု၏ တရားရုံးက သေဒဏ်ချမှတ်ထားခဲ့သော အတိုက်အခံ တက်ကြွလှုပ်ရှားသူ (၁၁၄) ဦးအနက်မှဖြစ်သည်။ 

အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ တစ်ပတ်မျှအလိုတွင် စစ်အုပ်စုက သေဒဏ်စီရင်မှုများ လုပ်ဆောင်လိုက်ခြင်းမှာ သဘောထားတင်းမာပြီး အနုတ်သဘောဆောင်သော လက္ခဏာကို ပြသရာလည်းရောက်သည်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သေဒဏ်ချမှတ်ခံထားရသူများကို အမှန်တကယ် သေဒဏ်စီရင်ခြင်းမပြုရန် စစ်အုပ်စုထံ မေတ္တရပ်ခံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

မြန်မာနိုင်ငံတွင် ယခု သေဒဏ်စီရင်မှုများမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပြီး ကမ္ဘာ့အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံအတွက် မျက်နှာကိုဖြတ်အရိုက်ခံရသည့်ပမာ ဖြစ်ခဲ့သည်။

အာဆီယံက စစ်အုပ်စုကို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာအကောင်အထည်ဖော်ရန် စည်းရုံးခြင်းဖြင့် ပြီးခဲ့သည့် တစ်နှစ်လုံး အချိန်ကုန်ခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပေ။ 

အာဆီယံ ဘုံသဘောတူညီချက်များတွင် အပစ်အခတ်ရပ်စဲရေးနှင့် အတိုက်အခံများနှင့် ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းရေးတို့ ပါဝင်သည်။

သို့သော် စစ်အုပ်စုကမူ အမြဲတမ်း စာနာစိတ်ကင်းမဲ့နေခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် (၁၈) လအကြာတွင် မျှော်လင့်ချက်လက္ခဏာမဲ့မှုနှင့်အတူ အခြေအနေ ပိုဆိုးလာနေသည်။ 

အရပ်သားများ၏ ခုခံတော်လှန်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာပြီး အချို့က ပြောက်ကျားတိုက်ခိုက်မှုများ လုပ်ဆောင်နေကြသည်။ 

၎င်းတို့ကို ခုခံမှုအားကောင်းသည့် မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် အရပ်သားနေရာများကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ တိုက်လေယာဥ်များသုံးပြီး ဗုံးကြဲခြင်းတို့ လုပ်ဆောင်နေခဲ့သည်။

လက်ရှိအခြေအနေများအရ ကြားဝင်မစွက်ရေး မူဝါဒကို စွဲကိုင်ထားသော အာဆီယံအနေဖြင့် ရန်လိုနေသည့် အဖွဲ့ဝင်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် နည်းလမ်းသစ်တစ်ခုကို အနှေးနှင့်အမြန် ရှာဖွေရလိမ့်မည်။ 

မြန်မာနှင့်ကပ်လျက် ထိုင်းနိုင်ငံအနေဖြင့်လည်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် မူဝါဒချမှတ်သူများက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နားလည်မှုရှိသော အိမ်နီးချင်းအဖြစ် ရပ်တည်နေသော နေ့ရက်များ ကုန်ဆုံးတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံက ၎င်း၏ ဆိတ်ဆိတ်နေသည့် သံတမန်ရေးကို ချဥ်းကပ်မှု အစိတ်အပိုင်းအဖြစ် နားလည်မှုရှိသော အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်နေခဲ့ပြီး နယ်စပ်ကိစ္စ မျက်နှာပေးလိုက်လျောမှုရှိခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ထိုင်းစစ်တပ်က မြန်မာစစ်တပ်ကို ဆန်ထောက်ပံ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ယခုလအစောပိုင်းတွင် မြန်မာစစ်တပ်၏ တိုက်လေယာဥ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်းရေးတပ်ဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ခဲ့စဥ် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းသို့ မတော်တဆ ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် ကန့်ကွက်ပြောဆိုရန် တွန့်ဆုတ်ဝန်လေးနေမှုအတွက် ထိုင်းစစ်တပ်ကို ဝေဖန်မှုများရှိခဲ့သည်။

ဇွန်လလယ်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် Pornpimol Kanchanalak က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးတွင် လက်မခံဘဲ ဝိုင်းကျဥ်သည့် ပြောဆိုမှုများသာ ပြုလုပ်မနေရန် ပြောခဲ့သည်။ 

"ပြစ်တင်ရှုတ်ချမှု၊ အရေးယူပိတ်ဆို့မှုနဲ့ ဝိုင်းကျဥ်ထားမှုတို့က  အကျိုးဆုတ်ယုတ်စေတယ်" ဟု သူမက ဆိုသည်။

သို့သော် စစ်အုပ်စုနှင့် ဆက်ဆံရေးတွင် မည်သည့်ချဥ်းကပ်မှုပုံစံက အလုပ်ဖြစ်မလဲဆိုသည်မှာ မေးခွန်းဖြစ်နေသည်။ 

ပထမအချက်မှာ ထိုင်းအစိုးအရအနေဖြင့် မြန်မာနိုင်ငံမှထွက်ပြေးလာသည့် တက်ကြွလှုပ်ရှားသူများ၏ အသက်ကို ကာကွယ်ရန် မူဝါဒတစ်ခု ထုတ်ပြန်ရမည်။ 

မြန်မာဘက်မှ ထွက်ပြေးလာသူများကို ထိုင်းအစိုးရက ပြန်မပို့ရပါ ထိုသို့ပြန်ပို့ခြင်းက ရာဇဝတ်မှုတစ်ခု ကျူးလွန်ရာရောက်သည်။

ဒုတိယအချက်မှာ ထိုင်းအစိုးရအနေဖြင့် ၎င်း၏ပြည်ထဲရေးဝန်ကြီးဌာနှင့် လူသားချင်းစာနာထောက်ထားမှုအုပ်စုများကို မြန်မာကျေးရွာသားများကို ကူညီထောက်ပံ့ရေးတွင် ပါဝင်စေရမည်။ 

လက်ရှိတွင် ထိုကဲ့သို့သော လုပ်ငန်းအားလုံးကို လက်နက်ကိုင်တပ်ဖွဲ့များက လုပ်ဆောင်နေပြီး ၎င်းတို့ထံတွင် နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းမရှိပေ။ 

ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးတွင် ၎င်း၏အိမ်နီးချင်းကောင်း မူဝါဒကို ပြောင်းလဲပြင်ဆင်ချိန်တန်ပြီ ဖြစ်သည်။ 

မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိတ်ဆွေတစ်ဦးဖြစ်သော ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ထိုမူဝါဒအပြောင်းအလဲကို နောက်မကျဘဲ မြန်မြန်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်သည်။ 

အားလုံးက တံငါးနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးပင် ဖြစ်သည်။

Source: Bangkok Post