ထလန်တလန် သို့မဟုတ် ထန်တလန် သွေး နဲ့ ချွေးနဲ့တည်ထောင်တဲ့မြို့

ထလန်တလန် သို့မဟုတ် ထန်တလန် သွေး နဲ့ ချွေးနဲ့တည်ထောင်တဲ့မြို့
အောက်တိုဘာ 30, 2021 | ဆောင်းပါး
By  သမိုင်းဖတ်သူတစ်ဦး

ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ထန်တလန်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ပြီး မီးတင်ရှို့ တာ အထင်ကရ ဘုရားရှိခိုးကျောင်းကြီး နှစ်ကျောင်းနဲ့ ရပ်ကွက် ၅ ခု လူနေအိမ်ပေါင်း ၂၀၀နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီနောက်မှာတော့ ထန်တလန်က သူ့ရဲ့ တိုက်အိမ် မီးထဲပါသွားခဲ့ရတဲ့ အိမ်ရှင်က သူ့ကို ဘုရားက ဒီအိမ်ကို လွန်ခဲ့တဲ့နှစ် ၂၀ ကပေးခဲ့ပြီး အခု ပြန်ယူဆောင်သွားပေမဲ့၊ နှစ်၂၀ ကာလပါတ်လုံး သူ့ကို နေထိုင်ခွင့်ပေးခဲ့တဲ့ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ ပို့စ်တစ်ခုကို လူတိုင်းဖတ်ရမှာပါ။



ဒါဟာ ချင်းတိုင်းရင်းသားတွေရဲ့ လူသားဆန်မှု၊ ခရစ်ယာန်ပီသမှုကို တွေ့မြင်ရတာပါပဲ။



တစ်ကယ်တော့ သမိုင်းကို ပြန်ဖတ်ရင်  ချင်းလူမျိူးတွေဟာ သစ္စာလည်းရှိသလို အင်မတန်မှ အမှတ်သည်းချေကြီးကြပါတယ်။ မြောက်ပိုင်းချင်းစကားမှာ ခရစ်ယာန်သာသနာ မတိုင်ခင်က ခွင့်လွှတ်တယ် ဆိုတဲ့ ဝေါဟာရ မရှိတဲ့ အကြောင်းကို Rough Roads, Good Life စာအုပ်မှာ ဆရာနယ်ဆင်တို့ ၊ ဆရာကောက်စ် တို့က ရေးခဲ့ဖူးပါတယ်။ 

ထန်တလန်မြို့သမိုင်းကို ချင်းပြည်နယ် အုပ်ချူပ်ရေးသမိုင်း (၁၈၉၆ - ၂၀၁၉ ) မှာ အခုလို ဖော်ပြတာကို ဖတ်လို့ရတယ်။

ထန်တလန်မြို့ သမိုင်းဟာ အေဒီ ၁၄၅၀ လောက်ထိ ရှေးကျပြီး မူလက  လှောင်ဇန်ရွာ တည်ရှိပါတယ်။ အေဒီ ၁၅၀၀ မှာတော့ ထိုရွာက လေးမိုင်လောက်ဝေးတဲ့  ‘ထလန်တလန်’ ကိုပြောင်းရွေ့ခဲ့တာ။ ‘ထလန်တလန်’ ဆိုတဲ့ အဓိပ္ပါယ်ကသွေးနဲ့ ချွေးနဲ့ တည်ထောင်ထားတဲ့ ရွာလို့ ဆိုတယ်။ ၁၉၆၁/၁၉၆၅ မှာတော့ အခုနေရာကို ထပ်မံပြောင်းရွေ့ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ ‘ထလန်တလန်’ ကနေ ‘ထန်တလန်’ လို့ နာမည်ထပ်ပြောင်းခဲ့ပါတယ်။



မြန်မာလိုတော့ ကျော်ကြားတဲ့မြို့ လို့ အဓိပ္ပါယ် ရှိပါတယ်။ 



အခုလည်း ထန်တလန်မြို့သူမြို့သားတွေဟာ ပျက်စီးသွားတဲ့မြို့ကို သွေး ၊ချွေးနဲ့ ပြန်တည်ဆောက်ကြရဦးမယ်ဆိုတာ မလွဲ မသွေပါ။ 



မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက စစ်ပွဲဆိုတာ မရှိသလောက်ဖြစ်ခဲ့တဲ့ ချင်းတောင်တန်းဒေသဟာ အခုတော့ အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ဖိနိုပ်တိုက်ခိုက်ခြင်းကို ခံနေရပါပြီ။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ကိုလိုနီ အင်္ဂလိပ်စစ်တပ်က ချင်းတောင်တန်းဒေသကို အခုလိုပဲ ကိုလိုနီခေတ်ဦးက နိုပ်ကွပ်ခဲ့ဖူးပါတယ်။ နောင် ၁၀ စုနှစ် တစ်ခုလောက်ကြာတဲ့အခါမှအင်္ဂလိပ်စစ်တပ်ဟာ ရွာတွေမီးရှို့ စိုက်ခင်းတွေဖျက် ဒဏ်ခတ် ဖြတ်လေးဖြတ် နည်းတွေသုံးပြီး ဆက်လုပ်နေလို့ ချင်းတွေဟာ ပိုမို စိတ်နာကျဉ်းလာဖို့ပဲရှိတယ်ဆိုပြီး နိုင်ငံရေးနည်းနဲ့သာ ချင်းလူမျိုးတို့ရဲ့ စိတ်နဲ့ နှလုံးသားကို ဆွဲဆောင်ခဲ့ပါတယ်။



နောင်ကျတော့ ချင်းလဲဗီးတပ်တွေဖွဲ့စည်း ပေးခဲ့ပြီး ပထမကမ္ဘာစစ်ကဆို ချင်းတပ်တွေဟာ အင်္ဂလိပ်တွေနဲ့ အတူ မက်ဆိုပိုတေးမီးယားနဲ့ ဥရောပစစ်မျက်နှာမှာ အတူတိုက်ပွဲဝင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတော့လည်း ပြည်တွင်းစစ်တစ်လျှောက်လုံး ချင်းသေနတ်ကိုင် တပ်ရင်း တွေဟာ ဗမာစစ်တပ်နဲ့အတူ ရပ်တည်ခဲ့ကြပါတယ်။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းကိုလည်း မေ့ထားလို့မရပါဘူး။



၁၉၅၁ ခုနှစ်က တပ်မှူးကြီးများ ညီလာခံကို တက်ရောက်ခဲ့တဲ့စာရင်းမှာ ချင်းသေနတ်ကိုင် တပ်ရင်း (၁) တပ်ရင်းမှူးလုပ်သွားတဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇာမုန်တို့၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗန်ကူးတို့ဆိုရင် ထိုအချိန်က စစ်ခေါင်းဆောင် ဗိုလ်နေဝင်းက အလွန်အားကိုးခဲ့ရတဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေပါ။ အခု ချိန်မှာတော့ စစ်တပ်ထဲမှာ တိုင်းရင်းသား ထဲက အဆင့်မြင့်အရာရှိတွေ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါကြောင့်လည်း အခုလို တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ဟာ အလွန်ရမ်းကားသမှုပြုနေလို့ရတာဖြစ်ပါတယ်။ 

အခုချိန်မှာတော့ ချင်းတောင်တန်းဒေသဟာ အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်ရဲ့ လုယက်ဖျက်စီးခြင်းကို ကာကွယ်ဖို့ နိုးထလာခဲ့ပါပြီ။ စစ်တပ်ဟာ ဖြတ်လေးဖြတ် နည်းနဲ့ တိုင်းရင်းသားပြည်သူလူထုကို ရက်ရက်စက်စက် နှိမ်နင်းပြလိုက်ရင်  အာဏာကို ဆက်လက် ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပုံရသလို သူ့ကို ထောက်ခံသူ လက်တစ်ဆုပ်စာကလည်း မြှောက်ပေး ပင့်ကော်လုပ်ပေးနေတာ တွေ့ရပါတယ်။ 



တစ်ကယ်တော့ ဖြတ်လေးဖြတ်ဗျူဟာ ဆိုတာ ဗြိတိသျှတွေ မလေးကျွန်းဆွယ်မှာ ၁၉၄၈ - ၁၉၆၀ နှစ်များက တရုတ်လူမျိူးအများစုပါဝင်တဲ့ ကွန်မြူနစ်သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ သုံးခဲ့တာပါ။



ဒီနေရာမှာလည်း ဗြိတိသျှတွေ အောင်မြင်ခဲ့တယ်ဆိုတာ ပုန်ကန်သူတွေဟာ နိုင်ငံခြားသားတွေ ဖြစ်နေတာရယ် ၊ တရုတ်ပြည်မက မလေးကွန်မြူနစ်တွေကို ဗီယက်နမ် လို နယ်မြေချင်းထိစပ်မှုမရှိလို့ မထောက်ပံ့နိုင်တာရယ်၊ မီဒီယာလက်လှန်းမှီမှု မရှိတာရယ်၊ အဓိကက ဗြိတိသျှစစ်တပ်ဟာ "ပြည့်သူ့နှလုံးမသိမ်းကျုံးက ဒါးသွားလည်းကြွေ လှံလည်းခွေအံ့"ဆိုတဲ့ မြန်မာဆိုရိုးတစ်ခုလို HEARTS AND MINDS STRATEGY ကို လက်မလွှတ်ပဲ လူသားဆန်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာကြောင့်လို့ စစ်သမိုင်းပညာရှင်တွေက မှတ်ချက်ပေးခဲ့ဖူးပါတယ်။

စကစ အကြမ်းဖက်စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတာတွေ ဟာ ပရော်ဖက်ရှင်နယ်စစ်တပ်တွေလို မဟုတ်ဘဲ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာပဲဖြစ်ပါတယ်



အခု စကစ အကြမ်းဖက်စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတာတွေ ဟာ ပရော်ဖက်ရှင်နယ်စစ်တပ်တွေလို မဟုတ်ဘဲ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေရဲ့ သဘောသဘာဝ ကိုယ်၌က ပြည်တွင်းဥပဒေတွေလို ဒေါင်လိုက်ကျင့်သုံးတဲ့ အမိန့်ပေးစနစ် မဟုတ်ဘဲ၊ နိုင်ငံများအကြား အလျားလိုက် စုပေါင်းလုပ်ဆောင် အကောင်ထည်ဖော်ရတာဖြစ်တဲ့အတွက် စကစ ကို အရေးယူဖို့ အချိန်ယူရနိုင်ပေမဲ့၊ အခု ထန်တလန်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမျိုးကတော့ ဘယ်သောအခါမှ ဆွေးရိုး မရှိပါ။

သွေးနဲ့ ချွေးနဲ့ ပြန်တည်ထောင်မယ့် ထန်တလန်။

ဆောင်းပါးရှင် - သမိုင်းဖတ်သူတစ်ဦး