မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား RBC အစည်းအဝေး တောင်ကြီးမြို့တွင် ကျင်းပနေ

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား RBC အစည်းအဝေး တောင်ကြီးမြို့တွင် ကျင်းပနေ
ဇွန် 29, 2022 | ရှမ်းတောင်

 မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄)ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး(RBC)ကို မြန်မာက အိမ်ရှင်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။

မြို့နယ်အဆင့်နယ်ခြားကော်မတီ ( Township Border Committee - TBC ) ထက် အဆင့်မြင့်သည့် ဒေသဆိုင်ရာနယ်ခြားကော်မတီ ( Regional Border Committee - RBC)အစည်းအဝေးကို ၂၀၂၂ခုနှစ်  ဇွန်လ(၂၉)ရက်နေ့အထိ တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အပီချတ်ဆူဆက် နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ပြီး မြန်မာဘက်က အဖွဲ့ခေါင်းဆောင် စစ်ကောင်စီ၏  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အဖွဲ့တို့ တက်ရောက်ကြခြင်း ဖြစ်သည်။

အစည်းအဝေးတွင် နယ်စပ်ဒေသလုံခြုံရေး နှင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အခြေခံထားပြီး နယ်စပ်ဒေသ လုံခြုံရေး၊ ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူရေး၊ တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အကြား မြန်မာ - ထိုင်းနယ်စပ် မြန်မာဘက်က မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းကနေ တင်ပို့နေမှုများ နှင့် ထိုင်းဘက်ကနေ  လက်နက်ခဲယမ်းများ တရားမဝင် သယ်ယူနေမှုကိစ္စရပ်များအပြင် နယ်စပ်ပြဿနာများကို ပူးပေါင်းဆောင်ရွက်ရေး  ဆွေးနွေးသည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်။ 



 

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ - ထိုင်း နှစ်ဖက်စလုံးက တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း ရှိမရှိကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

#TachileikNewsAgency

Photo: 4th Army Region