ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တည်းခိုသူများ၏ အမည်စာရင်းများကို မဖြစ်မနေ ပေးပို့ရန် ညွှန်ကြားထား

တောင်ကြီးမြို့ရှုခင်း
တောင်ကြီးမြို့ရှုခင်း
ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တည်းခိုသူများ၏ အမည်စာရင်းများကို မဖြစ်မနေ ပေးပို့ရန် ညွှန်ကြားထား
ဇွန် 22, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုခန်း၊ မိုတယ်နှင့်တည်းခိုရိပ်သာများတွင် စစ်အာဏာရှင်ကို တော်လှန်သူများ နှင့် အလိုရှိသူများ အလွယ်တကူ တည်းခိုနိုင်ခြင်း မရှိရန်အတွက် မဖြစ်မနေ ဧည့်သည်စာရင်းများကို ပေးပို့ရန် အပါအဝင် ဧည့်စာရင်းတိုင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ၎င်း၏ လက်အောက် ရုံးခွဲများကို ညွှန်ကြားထားခြင်းဖြစ်သည်။

လာရောက်တည်းခိုသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်စာရင်းများကို နေ့စဉ် ည(၆)နာရီခွဲနောက်ဆုံးထားပြီး ဧည့်စာရင်းတိုင်ကြားရန်နှင့် အမည်စာရင်းများကို ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုရုံးသို့ Email ဖြင့် ပေးပို့ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

"အရင်ကလည်း ညွှန်ကြားထားတာရှိပေမဲ့ အခုကတော့ မဖြစ်မနေကို လုပ်ရမဲ့ ကိစ္စလို့ ပြောထားတယ်။ ဒီကာလမှာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်သူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေ တစ်မြို့ပြီးတစ်မြို့ သွားလာတဲ့အခါ ဟိုတယ်တွေ နဲ့ တည်းခိုခန်းတွေကအစ တည်းခိုနေတာတွေရှိပြီး ဖမ်းမိတာတွေရှိခဲ့တော့ အမည်စာရင်းကို မဖြစ်မနေ ပေးပို့ဖို့ ညွှန်ကြားထားပါတယ်"ဟု ဟိုတယ်ခရီး ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂၁)ရက်နေ့က ပြောသည်။

အလားတူ တာချီလိတ်မြို့တွင်လည်း ည(၆)နာရီမတိုင်မီ ရောက်လာသည့် ဧည့်သည်၏ အမည်စာရင်းများကို ဧည့်စာရင်းပုံစံအတိုင်း ဖြည့်စွက်ပြီး သက်ဆိုင်ရာဌာနများသို့ ပေးပို့ရန် နှင့် သတ်မှတ်ချိန် ကျော်လွန်ပြီးမှ ရောက်လာသူများ၏ အမည်စာရင်းများကိုလည်း တိကျစွာဖြင့် Email နှင့် Viber Group သို့ ပေးပို့ရန်လည်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်)ရုံးခွဲမှ ဦးဝင်းမြင့်က ညွှန်ကြားထားကြောင်း သိရသည်။

"တာချီလိတ်မှာတော့ သိတဲ့အတိုင်းပဲ ဟိုတယ်ခရီးဌာနက ပြောလို့ရတဲ့ ဟိုတယ်တွေကိုပဲ ပြောတယ်။ ထိုင်းတွေ နဲ့ တရုတ်တွေ အဓိက အနေများတဲ့ နေရာတွေကိုတော့ မပြောရဲဘူး။ တာချီလိတ်မှာ အထောက်အထားမဲ့တဲ့ ထိုင်းနဲ့ တရုတ်တွေ တည်းနေကြတာတွေ အချို့နေရာတွေမှာ ရှိတယ်။ ဒါကို တာချီလိတ်ရုံးခွဲက ဘာအသံမှ မထွက်ဘူး"ဟု ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။