ထိုင်းနှင့်မလေးရှားတွင် အလုပ် လုပ်ရန် ခိုးဝင်သည့် မြန်မာ ၁၇၀ နီးပါး ဖမ်းခံရ

Photo: Nujaree Rakrun
Photo: Nujaree Rakrun
ထိုင်းနှင့်မလေးရှားတွင် အလုပ် လုပ်ရန် ခိုးဝင်သည့် မြန်မာ ၁၇၀ နီးပါး ဖမ်းခံရ
By Mr John

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် Thong Pha Phum ခရိုင်အတွင်း မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် အလုပ်အကိုင်ရှာဖွေသူ (၆၆) ဦးကို ဇွန်လ (၆) ရက် နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူတွေအနက် (၈) ဦးမှာ ရဲတပ်ဖွဲ့က ၎င်းတို့ လိုက်ပါလာသည့်ကားကို လိုက်လံဖမ်းဆီးရာမှ ကားမတော်တဆမှုဖြစ်ပြီး အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဇွန်လ (၆) ရက် နံနက် (၂) နာရီခန့်တွင် အနက်ရောင် Honda Jazz အမျိုးအစား ကားတစ်စီးက Chalae နယ်မြေ Moo 2 ကျေးရွာရှိ ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်ကျော်သွားခဲ့သည်ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရန်အတွက် ရပ်တန့်ရန်အချက်ပြခဲ့ပြီးနောက် ထိုကားက ရပ်မပေးဘဲ အရှိန်မြှင့်ကာ မောင်းပြေးသွားခဲ့ကြောင်း Thong Pha Phum ခရိုင် ရဲအရာရှိ Pradit Raephet က ပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့က အနောက်မှ လိုက်လံဖမ်းဆီးစဥ် Honda Jazz ကားမှာ အရှိန်မထိန်းနိုင်ဘဲ မတော်တဆမှုဖြစ်ခဲ့သည်။ 

ရဲတပ်ဖွဲ့က Chalae နယ်မြေမှ အသက် (၂၄) နှစ်အရွယ် Jaran အမည်ရှိ ကားမောင်းသူကို ဖမ်းဆီးခဲ့သည်။ 

ထိုကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၅) ဦး တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ အသေးစား ဒဏ်ရာများရခဲ့ကြသည်ဟု ဆိုသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ၎င်းတို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်အကိုင်ရမည်ဟု အေးဂျင့်များက ကတိပြုထားမှုကြောင့် ထိုင်းနိုင်ငံသို့ လာရောက်ကြခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။ 

၎င်းတို့က တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၂၈,၀၀၀) စီ အေးဂျင့်များကို ပေးခဲ့ရသည်။ 

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကားဖြင့်ခေါ်ဆောင်ပေးသူ Jaran က ဘတ် (၅,၀၀၀) ရရှိမည်ဟု ဆိုသည်။

Thong Pha Phum ခရိုင်အတွင်းမှာပင် စစ်တပ်နှင့်ရဲ ပူပေါင်းကင်းလှည့်အဖွဲ့က နောက်ထပ် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသား (၅၈) ဦးကိုလည်း နေရာ (၃) ခုတွင် ဇွန်လ (၆) ရက် နံနက်အစောပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

၎င်းတို့ကို ဇွန်လ (၆) ရက် နံနက် (၁၂) နာရီ (၅၀) မိနစ်၊ နံနက် (၁) နာရီခွဲနှင့် နံနက် (၈) နာရီ (၂၀) မိနစ်ခန့်တွင် Thong Pha Phum ခရိုင် Moo 1 ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 

အဖမ်းခံရသူများမှာ အမျိုးသား (၃၅) ဦးနှင့် အမျိုးသမီး (၂၃) ဦးကို ၎င်းတို့၏ လမ်းညွှန်ဖြစ်သည့် ထိုင်းအမျိုးသား (၃) ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။ 

၎င်းတို့မှာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်မှဖြစ်ပြီး ဆမွတ်စခွန်၊ ရနောင်း၊ ကန်ချနာဘူရီနှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်ရရှိမည်ဟု အာမခံချက်ဖြင့် တစ်ဦးလျှင် ဘတ် (၂၀,၀၀၀) မှ (၃၀,၀၀၀) ကြား ပွဲစားများကို ပေးရသည်ဟု ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က Nakhon Si Thammarat ပြည်နယ်အတွင်း Ron Phibun ခရိုင်တွင် နောက်ထပ် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၅) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းက ဇွန်လ (၆) ရက်နေ့တွင် ဖော်ပြသည်။ 

၎င်းတို့မှာ ရာဘာစိုက်ပျိုးရေးခြံတစ်ခုအတွင်း ပုန်းအောင်နေကြောင်း ဒေသခံများက ဇွန်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ခဲ့ရပြီးနောက် ထိုနေ့ နှောင်ပိုင်း၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ထိုအုပ်စုတွင် အမျိုးသား (၂၉) ဦးနှင့် အမျိုးသမီး (၁၆) ဦး ပါဝင်ကြောင်း ဇွန်လ (၆) ရက်နေ့ အသေးစိတ် ထုတ်ပြန်ချက်အရ သိရှိရသည်။ 

အဖမ်းခံရသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထိုင်းမှတစ်ဆင့် မလေးရှားတွင် အလုပ်အကိုင်ရရှိရန် ပွဲစားများကို ဘတ် (၄၅,၀၀၀) မှ (၅၀,၀၀၀) ကြား ပေးရကြောင်း ထွက်ဆိုကြသည်။

Source: Bangkok Post