ဟိုပုံးမြို့နယ် ပညာရေးမှူးရုံး မီးပုလင်း ပစ်ခံရ

ဟိုပုံးမြို့နယ် ပညာရေးမှူးရုံး မီးပုလင်း ပစ်ခံရ
ဇူလိုင် 4, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား မီးပုလင်း ပစ်ခံရမှု ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြတင်းပေါက်က သံဇကာ ခံနေတော့ ရုံးထဲ မလောင်သွားဘူး။ ပြတင်းပေါက် မှန်တွေတော့ ကွဲသွားတယ်။ အတွင်းထဲမလောင်ပေမဲ့ အပြင်မှာတော့ လောင်တယ်။ အတွင်းထဲထိ မလောင်ခင်မှာ စစ်သားနဲ့ ရဲတွေ ချက်ချင်းပဲ ရောက်လာကြတယ်။ ရှို့ချင်ရင် ပညာရေးရုံးလာမရှို့နဲ့ စစ်တပ်တွေ ရဲစခန်တွေ လာခဲ့လို့ စိန်ခေါ်သွားပြီး ဆဲသွားတဲ့ အသံ အကျယ်ကြီးကြားလိုက်ရတယ်။

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၄)ရက်နေ့ ညပိုင်းက ပြောသည်။

ယနေ့ ဇူလိုင်လ(၄)ရက်နေ့ ညပိုင်းတွင်လည်း CDM ဝန်ထမ်းများကို လိုက်လံစစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း သိရသည်။

ဟိုပုံးမြို့တွင် CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများကို ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်ပြီးနောက် အထက(၂)မှ Non CDM ဆရာ၊ဆရာမများမှာ အထက(၁)တွင် နေရာလုမှုများ နှင့် ကျူရှင်ကလေး လုမှုများအထိပါ ဖြစ်ပေါ်နေသလို ပညာရေးမှူးကလည်း CDM ဆရာ၊ဆရာမများကို ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အတွက် ပညာရေးမှူးရုံးတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို မီးပုလင်း ပစ်ခံရမှုနှင့်ပါကြုံလာကြောင်း သိရသည်။

#TachileikNewsAgency