တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းရှေ့တွင် ဗုံးဟု စွပ်စွဲခံရသည့် လက်စွဲသေတ္တာတစ်လုံးတွေ့ရပြီး တစ်ပတ်အကြာတွင် "အမှိုက်မပစ်ရ" စာသား ကပ်ထား

တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းရှေ့တွင် ဗုံးဟု စွပ်စွဲခံရသည့် လက်စွဲသေတ္တာတစ်လုံးတွေ့ရပြီး တစ်ပတ်အကြာတွင် "အမှိုက်မပစ်ရ" စာသား ကပ်ထား
ဇွန် 28, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းရှေ့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်းက လက်စွဲသေတ္တာအညိုရောင် တစ်လုံးကို တွေ့ရှိပြီးနောက် အာဏာသိမ်းစစ်အုပ်စု၏ စစ်တပ်နှင့်ရဲများက ဗုံးဟု ထင်ပြီး ဖွင့်မကြည့်ရဲဘဲ ၎င်းတို့၏ ဗုံးဖြင့် သေတ္တာကို ဖောက်ခွဲလိုက်ပြီးနောက် ကျောင်းရှေ့တွင် "အမှိုက်မပစ်ရ"ဟု ဗီနိုင်းကပ်ထားသည်ကို ဇွန်လ(၂၇)ရက်နေ့က တွေ့ရသည်။

၂၀၂၂ခုနှစ် ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းက အထက(တာချီလိတ်)ကျောင်းရှေ့ အဝင်ရှိ သစ်ပင်ကြီး၏ အောက်တွင် လက်စွဲသေတ္တာတစ်လုံးကို တွေ့ရှိရပြီးနောက် ဗုံးဟု ယူဆကာ ဖောက်ခွဲလိုက်ကြပြီး ဇွန်လ(၂၇)ရက်နေ့တွင် "အမှိုက်မပစ်ရ"စာသားပါသည့် ဗီနိုင်းကို ကပ်ထားခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးလိုလို သေတ္တာလိုလို တွေ့ပြီးနောက် အဲလိုစာတန်းကြီးကပ်သွားတယ်။ ကျောင်း မုဒ်ဦးဘေးက ကုက္ကိုပင်ကြီးမှာ ကပ်ထားတာ။ ကြောက်စရာမရှိ ကြံဖန်ပြီး ကြောက်နေကြတယ်။ အဲ့ဒီနေ့က ကျောင်းရှေ့က ဆိုင်တွေကို ချက်ချင်း ပိတ်ခိုင်းလိုက်ပြီးတော့၊ အဲ့ဒီ သေတ္တာကို သူတို့ ဖောက်ခွဲလိုက်တာ။ သူတို့ခမျာမှာလည်း မဲမဲမြင်ရာ အထုပ်မြင်ရာ ဗုံးထင်ပြီး လှန့်နေတဲ့ ဘဝဖြစ်နေတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂၇)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်အုပ်စု၏ လက်အောက်ခံ ဌာနများထဲက အဂတိလိုက်စားမှုနှင့် မကင်းသည့် ဌာနများသည် ၎င်းတို့၏ ရုံးများကို ဗုံးလာခွဲမည်ကို ကြောက်လန့်နေ၍ အကာအရံများဖြင့် ကာကွယ်ထားမှုများအပြင် စစ်အုပ်စုကို ချဉ်းကပ်အမှီပြုကာ လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့မှာလည်း နေအိမ်အတွင်း CCTV များ တိုးချဲ့တပ်ဆင်ခြင်းနှင့် လုပ်ငန်းဆိုင်းဘုတ်များကို ဖုံးကွယ်ထားခြင်းများအထိ လုပ်ဆောင်ထားရသည့်အနေဖြင့် ကြောက်လန့်နေကြကြောင်း ဒေသခံများထံက သိရသည်။

#TachileikNewsAgency