တရုတ်နိုင်ငံတွင် အဆောက်အအုံ ပြိုကျမှုအတွင်း သေဆုံးသူ (၅၃) ဦးအထိ မြင့်တက်လာ၊ ခြောက်ရက်အကြာတွင် အပျက်အစီးများထဲမှ အမျိုးသမီးတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့

တရုတ်နိုင်ငံတွင် အဆောက်အအုံ ပြိုကျမှုအတွင်း သေဆုံးသူ (၅၃) ဦးအထိ မြင့်တက်လာ၊ ခြောက်ရက်အကြာတွင် အပျက်အစီးများထဲမှ အမျိုးသမီးတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့
By Mr John

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changsha မြို့တွင် ခြောက်ထပ်အဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ခြောက်ရက်အကြာ မေလ (၅) ရက်နေ့ ဒေသစံတော်ချိန် ညဥ့်နက်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို အပျက်အစီးများ အောက်ကနေ အသက်ရှင်လျက်ဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသမီးမှာ အပျက်အစီးများအောက်တွင် နာရီပေါင်း (၁၃၂)နာရီကြာ ရှိခဲ့ပြီး သတိမေ့နေသည့် ၎င်းကို အန္တရာယ်ကင်းစွာ မည်သို့ ဆွဲထုတ်နိုင်ရန် ကယ်ဆယ်ရေးသမားတွေက အကြံဉာဏ်များ ရယူခဲ့သည်ဟု ဆိုသည်။

နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း အဆောက်အအုံပြိုကျပြီးနောက် (၈၈) နာရီ (၄ ရက်နီးပါး) အကြာတွင် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။

အဆိုပါ အဆောက်အအုံပြိုကျမှုအတွင်း ယခုအချိန်အထိ သေဆုံးသူ (၅၃) ဦးရှိခဲ့ပြီး (၁၀) ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အဆောက်အအုံပိုင်ရှင်နှင့် ဘေးကင်းလုံခြုံရေး စစ်ဆေးသည့်အဖွဲ့တစ်ဖွဲ့ အပါအဝင် လူ (၁၁) ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ကယ်ဆယ်ရေးလုပ်ငန်း အစွမ်းကုန်လုပ်ဆောင်ရန်နှင့် အဆောက်အအုံပြိုကျမှုဖြစ်ရပ်ကို မခြွင်းမချန် စေ့စပ်စွာ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။

ဟူနန် ပြည်နယ် Changsha မြို့ရှိ ထိုအဆောက်အအုံတွင် ဟိုတယ်တစ်ခု၊ လူနေအိမ်ခန်းများနှင့် ရုပ်ရှင်ရုံတစ်ရုံ ပါဝင်ပြီး ဧပြီ (၂၉) ရက် မွန်းလွဲပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် အဆောက်အအုံ အရည်အသွေး စံချိန်စံညွှန်းနှင့် ပတ်သက်ပြီး ကြပ်မတ်ဆောင်ရွက်ရသည့် အစိုးရတာဝန်ရှိသူများကြား အဂတိလိုက်စားခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ အားနည်းမှုတို့ကြောင့် အဆောက်အအုံနှင့်ပတ်သက်သည့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။

#TachileikNewsAgency

Source: BBC, AFP