တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား (၁) ပြန်ဖွင့်ရေး ကိစ္စ ဧပြီလ(၂၅)ရက်နေ့ အဖြေ ထွက်မည် 

တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား (၁) ပြန်ဖွင့်ရေး ကိစ္စ ဧပြီလ(၂၅)ရက်နေ့ အဖြေ ထွက်မည် 
ဧပြီ 23, 2022 | ရှမ်းရှေ့

(၂)နှစ်ကျော်ကြာပိတ်ထားသည့် တာချီလိတ် - မယ်ဆိုင်အကြား နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ ကုန်သည်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့က ဆွေးနွေးခဲ့ကြပြီး လာမည့် ဧပြီ (၂၅) ရက်နေ့တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးကြစဉ်

မယ်ဆိုင်မြို့ရှိ မဲခေါင်ဒဲလ်တာဟိုတယ်တွင် ပုဂ္ဂလိကနှင့်အစိုးရ သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများပါဝင်သည့် ဆွေးနွေးပွဲကို ဧပြီလ (၂၁)ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)မှ  ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံထားပြီးသူများကို COVID 19 စစ်ဆေးမှုပြုလုပ်ကာ တစ်နေ့လျှင် လူဦးရေ (၂၀၀၀) အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။



တံတား (၁) ဖွင့်လှစ်ပါက ကုန်တင်ယာဉ်များကို လက်ရှိအတိုင်း တံတား (၂)မှသာ ဖြတ်သန်းခွင့်ပေးရန်နှင့် တံတား (၂)ကို နံနက် (၆)နာရီမှ ည (၁၀)နာရီအထိ ခွင့်ပြုရန်လည်း တင်ပြထားသည်ဟု သိရသည်။

COVID 19 ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံ လူအဝင်အထွက်ပြုလုပ်နေသည့် ချစ်ကြည်ရေးတံတား (၁)ကို ထိုင်းနိုင်ငံဘက်က ပိတ်ထားသည့် (၂) နှစ်ကျော်ကာလအတွင်း ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ဘတ် (၁၀၀) ဘီလီယံ ဆုံးရှုံးနေရသည်ဟု ထိုင်းကုန်သည်လုပ်ငန်းရှင်များက အဆိုပါ အစည်းအဝေးတွင် တင်ပြဆွေးနွေးထားသည်ဟု သိရသည်။

မယ်ဆိုင်ဘက် အခြေအနေ

တာချီလိတ်နှင့် မယ်ဆိုင်ကြား လူဝင်ထွက်သွားလာသည့် တံတား (၁)ကို ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စပြီး ပိတ်လိုက်သည့် (၂)နှစ်ကျော်ကာလအတွင်း မယ်ဆိုင်ဘက်မှ လုပ်ငန်းအတော်များများ ဝယ်လိုအားသိသာစွ ာကျဆင်းခဲ့ရပြီး စားသောက်ဆိုင် အချို့အပါအဝင် လုပ်ငန်းအချို့မှာ ပိတ်သိမ်းရသည်အထိ ဖြစ်လာသည့်အတွက် တံတားဆက်လက် ပိတ်ထားပါက မယ်ဆိုင်မှာ မြို့ပျက်နီးပါးအနေအထားဖြစ်လာမည်ဟု ဆွေးနွေးကြကြောင်း သိရသည်။

သက်ဆိုင်ရာဌာနများက နယ်စပ်ဒေသများတွင် COVID 19 ဖြစ်ပွားနှုန်းနှင့် ထိန်းချုပ်နိုင်မှုအခြေအနေများအပေါ် လေ့လာသုံးသပ်ပြီး ဆုံးဖြတ်မည်ဟု သိရသည်။



Photo: Naewna