တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ကာ ဆဲဆိုရမ်းကားပြီး စစ်ဆေးနေမှုကို ဓါးမြတိုက်သည်ဟု ထင်

တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ကာ ဆဲဆိုရမ်းကားပြီး စစ်ဆေးနေမှုကို ဓါးမြတိုက်သည်ဟု ထင်
ဧပြီ 20, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့က စစ်ဆေးမှုအတွင်း ယူနီဖောင်းမဝတ်ဘဲ လက်နက်ကိုင်ကာ အရပ်ဝတ်နှင့် ဆဲဆိုရမ်းကားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဖြတ်သန်းသွားလာသူများက ဓါးပြတိုက်သည်ဟု ရုတ်တရက် ထင်မိပြီး လန့်သွားကြသည်ဟု ဆိုသည်။

"အစက ဓါးမြတိုက်ခံရတယ် ထင်နေတာ။ သေနတ်တွေကိုင်ထားပြီးတော့ အရပ်ဝတ် ဝတ်ထားပြီး စစ်နေတာ။ ဓါးမြတိုက်တယ် ထင်ပြီး လန့်ပြီးတော့ ပြေးမလို့ပဲ။ လှမ်းအော်ပြီးတော့ အတင်းတားတာနဲ့ ရပ်ပေးလိုက်မှ  စစ်ဆေးရေး မှန်းသိတာ။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ရဲတို့ပါဝင်သည့် အဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မယ်လိတ်ပါကော် - ဝှေလေလန်လမ်းတွင် ၂၀၂၂ခုနှစ် ဧပြီလ(၁၉)ရက်နေ့ ညနေပိုင်းက သေနတ်များကိုင်ဆောင်ကာ အရပ်ဝတ်ဖြင့် စစ်ဆေးနေခြင်းဖြစ်ရာ စစ်ဆေးနေသူ (၁၀)ဦး ဝန်းကျင်ရှိရာတွင် ယူနီဖောင်းဝတ်ထားသူမှာ (၁)ဦးသာ ပါဝင်ပြီး ရဲယူနီဖောင်းနှင့်တစ်ဦးသည် မြင်ကွင်းတွင် အလွယ်တကူ မမြင်ရဘဲ ရှိနေသည်ဟု သိရသည်။

အဆိုပါ လမ်းပိုင်းတွင် မူးယစ်ဆေးဝါးစစ်ဆေးနေသည့် ပုံစံများဖြစ်နေပြီး စစ်ဆေးသည့်အခါမှာလည်း သောက်စားမူးယစ်ထားသလို ဆဲဆိုရမ်းကားကာ စစ်ဆေးနေခြင်း ဖြစ်သည်ဟု စစ်ဆေးခံရသူများထံက သိရသည်။

စစ်ဆေးသည့်အဖွဲ့သည် အာဏာသိမ်းစစ်တပ်၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ ခရိုင်ရဲတပ်ဖွဲ့ နှင့် ဟောင်လိတ်ရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ ပါဝင်နိုင်ခြေရှိသည်ဟု စစ်ဆေးခံခဲ့ရသူများက ပြောသည်။

တာချီလိတ်မြို့တွင် ခရိုင်/မြို့နယ်/စခန်းရဲနှင့် ရဲဌာနများ အပါအဝင် စရဖ(စရတ) တို့သည် လုပ်ငန်းတာဝန်များ ထမ်းဆောင်ချိန်တွင် ယူနီဖောင်း ဝတ်ဆင်မှု နည်းပါးသည့်အတွက် ယခုလို ဒုစရိုက်မှုပေါများလာသည့် ကာလတွင် ဒေသခံများအတွက် ထင်ယောင်ထင်မှား ဖြစ်စေတတ်သည်ဟု ဆိုကြသည်။