တာချီလိတ်မြို့တွင် ဓါတ်ဆီဈေး မြှင့်တက်လာခြင်းကြောင့်ဟုဆိုကာ ရေသန့်လုပ်ငန်းများ ဈေးနှုန်းမြှင့်တင် ရောင်းချ

တာချီလိတ်မြို့တွင် ဓါတ်ဆီဈေး မြှင့်တက်လာခြင်းကြောင့်ဟုဆိုကာ ရေသန့်လုပ်ငန်းများ ဈေးနှုန်းမြှင့်တင် ရောင်းချ
ဧပြီ 5, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်း နှင့် သယ်ယူခ ဈေးမြှင့်တက်မလာမှုကြောင့်ဟုဆိုကာ ရေသန့်လုပ်ငန်းများ မှုလဈေးနှုန်းထက် မြှင့်တင်ရောင်းချနေကြကြောင်း သိရသည်။

အခု တာချီလိတ်မှာက ဓါတ်ဆီဈေးတွေ မြင့်နေတယ်။ အဲ့ဒီအပြင် ရေသန့်ဗူးခွံတွေကို ထိုင်းဘက်က ဝယ်တာတွေ သယ်ယူတာတွေ လုပ်တော့ သယ်ယူစရိတ်က အရင်ကထက် တံတားဖြတ်ခတွေမှာ များလာတာရှိသလို ရေလိုက်ပို့ရာမှာလည်း ဓါတ်ဆီဈေးတက်လာလို့ အဆင်မပြေတော့တာနဲ့ ရေသန့်လုပ်ငန်းရှင်များအသင်းကနေပြီး အစည်းဝေးထိုင်ပြီးတော့ တာချီလိတ်တမြို့လုံး ဈေးနှုူန်းတစ်ခု သတ်မှတ်လိုက်တာပါ

ဟု ရေသန့်လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ၂၀၂၀ခုနှစ် ဧပြီလ(၅)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းမြှင့်တက်လာမှု နှင့်အတူ ရေသန့်ဗူး ဝယ်ယူသယ်ဆောင်ရေးတွင် ကုန်ကျစရိတ်မြှင့်တက်လာခြင်းဖြစ်သည့်အတွက် ရေသန့်လုပ်ငန်းရှင်များအသင်းက ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ယာယီဈေးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆီဈေးတက်တာတော့ နားလည်ပါတယ်။ စားသုံးသူ အဆင်ပြေအောင်တော့ နည်းနည်းတော့ အဆင်ပြေအောင် လုပ်ပေးသင့်တယ်။ အခု ရေတစ်ဗူးကို ဈေးမြှင့်မယ်ဆိုလည်း (၁၅)ဘတ်အထိ မဟုတ်ဘဲ (၁၂)ဘတ်ဆို အဆင်ပြေနိုင်တယ်။ အခြေခံလူတန်းစားတွေအတွက်က (၁၅)ဘတ်ဆိုတော့ အဆင်မပြေနိုင်ဘူး။ ဈေးနှုန်းက တက်ပြီးရင် ပြချဖို့ခက်တယ်

ဟု စားသုံးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်ရေသန့်လုပ်ငန်းရှင်များအသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ (၁၀)ဘတ်တန် (၂၀)လီတာ ရေသန့်ဗူးကြီးကို (၁၅)ဘတ် အဖြစ်လည်းကောင်း၊ 250CC ရေသန့် တစ်ကဒ်ကို (၃၀)ဘတ်ဖြင့် လည်းကောင်း၊ 350CC ရေသန့်ဗူးကို ဘတ်(၄၀)ဖြင့် လည်းကောင်း၊ 500CC ရေသန့် တစ်ကဒ်ကို (၄၅)ဘတ်ဖြင့် လည်းကောင်း၊ 600CC ရေသန့်ကို (၄၅/၄၈)ဘတ်ဖြင့် လည်းကောင်း၊  (၆)ဆွဲ ဘတ်(၁၀၀)တန် ရေဆွဲများကို (၅)ဆွဲ ဘတ်(၁၀၀)ဖြင့်လည်းကောင်း သတ်မှတ်ရောင်းချရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။ 

"အခု မြှင့်လိုက်တဲ့ ဈေးနှုန်းအတိုင်း ရေရှည်သွားမှာ မဟုတ်ဘူး။ ဓါတ်ဆီဈေး အရင်လို ပြန်ကျတာနဲ့ ချက်ချင်းဈေးပြန်ချသွားမှာပါ။ နောက်ပြီး ရေသန့်ရောင်းချ ပို့ဆောင်သူများအနေနဲ ရေသန့်ဗူးတွေကို တခြားတံဆိပ်ပါတဲ့ ရေဗူးတွေနဲ့ အစားထိုးရောနှောရောင်းချတာမျိုး မလုပ်ဖို့လည်း အသိပေးချင်ပါတယ်။"ဟု ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်း (၄၂)ဦး ဝန်းကျင်ရှိပြီး လက်ရှိ စီးပွားရေးအခြေအနေအရ မကိုက်တော့၍ ရပ်နားလိုက်ရသည့် ရေသန့်လုပ်ငန်း(၁)ခုရှိနေကြောင်းလည်း ကြားသိရသည်။