မူဆယ်မြို့နယ်အတွင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၅)ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

 မူဆယ်မြို့နယ်အတွင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၅)ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ မူဆယ်မြို့နယ်အတွင်း သတ်ဖြတ်ခံထားရသည့် ရဲ(၅)ဦး၏ ရုပ်အလောင်းများကို မူဆယ်-ကြူကုတ်တက်တဲ့လမ်းမပေါ်ရှိ မုံးပေါ်ရွာဘေး၌ ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် တွေ့ရကြောင်း သိရသည်။

သတ်ခံရသူများမှာ မူဆယ်မြို့တွင် တာဝန်ကျသူများဖြစ်သည့် ရဲအုပ်ဝင်းကို နှင့် တပ်ကြပ်နန်းဝင်းကျော် အပါအဝင် ရဲ(၅)ဦး ဖြစ်ပြီး ၎င်းတို့သည် အနေအထိုင်မတတ်သူများဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"အဲဒီ ရဲတွေက အနေထိုင် သိပ်မတတ်ဘူး။ ဂွင်လိုက်ရှာရင်းနဲ့ အဖမ်းခံသွားရတာ။ သူတို့ကို ကျင်စန်းကျော့ဂိတ်မှာ ဖမ်းသွားတယ်လို့ ပြောတယ်။ အခုအသတ်ခံရတဲ့ ပုံစံက တောထဲသတ်ပြီး အလောင်းကိုပြန်တင်ထားတဲ့သဘော။ မနေ့ညကတော့ ရဲတွေပျောက်တယ်လို့ ကြားတယ်။CDM လုပ်တာလားဆိုတော့လည်း မဟုတ်ဘူးတဲ့။ ဒီနေ့တော့ သေတယ်လို့တော့ ကြားရတယ်။ တိတိကျကျ မသိရဘူး"ဟု ဒေသခံတစ်ဦး၏ ပြောပြချက်ကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြထားရှိသည်။ 

ရဲတပ်ဖွဲ့ဝင် (၅)ဦး သတ်ခံရမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုတော့ အတည်မပြုနိုင်သေးပေ။ 

 

[ဖော်ပြပါ သတင်းသည် Shwe Phee Myay News Agency   ၏ သတင်း ဖြစ်ပြီး Tachileik News Agency နှင့် Shwe Phee Myay News Agency  တို့သည် ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (MASS )၏ အဖွဲ့ဝင် မဟာမိတ်များ ဖြစ်သည်။ ]