နမ့်စန်မြို့ရှိ စစ်ကောင်စီလေတပ်မှ တပ်ကြပ်တစ်ဦး CDM ဝင်ရောက်

နမ့်စန်လေတပ်
နမ့်စန်လေတပ်
နမ့်စန်မြို့ရှိ စစ်ကောင်စီလေတပ်မှ တပ်ကြပ်တစ်ဦး CDM ဝင်ရောက်
ဖေဖော်ဝါရီ 26, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့ရှိ အာဏာသိမ်းစစ်တပ်၏ နမ့်စန်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး စစ်ကောင်စီတပ်ကို ဆန့်ကျင်ကာ ပြည်သူနှင့်ရပ်တည်‌လာကြောင်း ယနေ့ဖေဖော်ဝါရီလ(၂၆)ရက်တွင် ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ထားသည်။

နမ့်စန်လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖိုက်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလသည် ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေ တနေရာသို့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းက ခိုလှုံလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညှည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပြစ်ပေးတဲ့ တပ်မတော်မှာမနေချင်လို့ ခုလို CDM ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင်တောင် ဗျူဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ရသေးတယ်ဗျ။

ဟု တပ်ကြပ်ဝေလက ပြည်သူ့ပန်းတိုင်ကို ဖြေကြားထားသည်။

ဖေ‌ဖော်ဝါရီ (၁၆)ရက်ကလည်း နေပြည်တော်‌လေတပ်စခန်းမှ လေတပ်အရာရှိ စီနီယာဗိုလ်ကြီးတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း - ၁ နှင့် ချိတ်ဆက်ကာ ပြည်သူ့ဘက်ရပ်တည်လာခဲ့သေးသည်။

ဒါ့အပြင် လေကြောင်းစက်ပစ် ဒုအရာခံဗိုလ်နှစ်ဦးလည်း ဖေဖော်ဝါရီလ၏ ဒုတိယပတ်က ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။