ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ အရပ်သားတစ်ဦးသေဆုံး

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ အရပ်သားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အရပ်သားတစ်ဦး သေဆုံးကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိရသည်။

မုံရွာမြို့အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးနှင့် ပစ်ခတ်ရာ ကူးတို့ကုန်းရွာမှ နွားကျောင်းထွက်လာသော အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ နွားကျောင်းထွက်လာတာဗျ။ကူးတို့ကုန်းရွာနဲ့ ပလောင်ရွာကြားကို လက်နက်ကြီးကျပြီး ဦးခေါင်းနဲ့ ဂုတ်ကြားကို ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတာ။"ဟု ဒေသခံတစ်ဦး က Tachileik News Agencyကိုပြောသည်။ 

သေဆုံးသူမှာ အသက်(၅၂)နှစ်အရွယ် ဦးမိုးဦးဖြစ်ပြီး ၎င်းတွင် မိသားစုဝင်(၇)ဦးရှိကာ တောင်ယာလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးနှင့် ပစ်ခတ်လေ့ရှိပြီး ယမန်နေ့ ‌ဧပြီလ(၁၆)ရက်ကလည်း လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကူးတို့ကုန်းကျေးရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

#TachileikNewsAgency