မိုးဗြဲ ဝါရီဆူးပလိုင်တွင် ယနေ့နံနက်အစောပိုင်း တိုက်ပွဲပြန်လည်ပြင်းထန်နေ

မိုးဗြဲ ဝါရီဆူးပလိုင်တွင် ယနေ့နံနက်အစောပိုင်း တိုက်ပွဲပြန်လည်ပြင်းထန်နေ
ဖေဖော်ဝါရီ 18, 2022 | နိုင်ငံရေး| ရှမ်းတောင်
By Tachileik News Agency

ယမန်နေ့က နှစ်ဖက်အကျအဆုံးများသည့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ရွာတွင်  ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် နံနက်အစောပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့က မိုးဗြဲနှင့် ဝါရီဆူးပလိုင်ရွာတိုက်ပွဲများတွင်လည်း လေကြောင်းအသုံးပြုခဲ့ပြီး ယနေ့နံနက်တိုက်ပွဲတွင်လည်း လေကြောင်းအသုံးပြုနေသည်ဟု သိရသည်။

ကရင်နီ(ကယား)နှင့်ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ဒေသဖြစ်သည့် မိုးဗြဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယမန်နေ့က ပြင်းထန်သည့်တိုက်ပွဲများအတွင်း မိုးဗြဲ PDF နှင့်အတူ KA၊  KNDF၊ လွိုင်ကော် PDF၊  ဒီးမော့ဆို PDF၊ KGZ၊ Gz21၊ JPDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲစသည့် မဟာမိတ်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ညနေပိုင်းအချိန်ထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က တင့်ကား၊ လက်နက်ကြီးပစ်ကူ၊ တိုက်လေယာဉ်များ အသုံးပြုကာ အရပ်သားနေရာများကိုပါ တိုက်ခိုက်ဖျက်ဆီးမှုများလုပ်ကြောင်း သိရသည်။

ယမန်နေ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးအလွန်များပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မြေပြင်ရဲဘော်များက အတည်ပြုထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ကျဆုံးမှုအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်မည်ဟု  PDF Loikaw က ယနေ့နံနက်ပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယမန်နေ့က ထိခိုက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်း၊ ပြစ်တင်၊ အားပေးကြခြင်းများထက် ပြည်သူ့အကူအညီများ ပို၍မျှော်လင့်သည်ဟု KNDF BO 6 က တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။



ဆုတောင်းစကားတွေ ဝမ်းနည်းပြမှုတွေ အပြစ်တင်မှုတွေ အားပေးစကားတွေထက် လက်တွေ့ထောက်ပံ့ကူညီမှုတွေဟာ ကျနော်တို့အတွက် ပိုပြီး အရေးပါ အရာရောက်ပါတယ်။ တတ်နိုင်တဲ့ဘက်ကသာ ကူကြပါခင်ဗျာ။ ဒီလောက်ပဲ တိုက်တွန်းလိုပါတယ်။ ဒီဘက်က လက်ရှိအခြေနေတွေကိုလည်း အားလုံးသိပြီးကြပြီဖြစ်မှာပါ။

ဟု KNDF BO 6 က တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ကတည်းက  မိုးဗြဲမြို့ကို တင့်ကားများပါသည့် အင်အားအလုံးအရင်းဖြင့် ဝင်လာကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို အသုံးပြုနေခြင်းဖြစ်သည်။