MNDAA ကို အသေအကြေ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က MNDAA ဥက္ကဌဟောင်း ဖုန်ကြားရှင် ကွယ်လွန်ခြင်းကို ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

MNDAA ကို အသေအကြေ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က MNDAA ဥက္ကဌဟောင်း ဖုန်ကြားရှင် ကွယ်လွန်ခြင်းကို ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
ဖေဖော်ဝါရီ 17, 2022 | ရှမ်းမြောက်

ရှမ်း‌ပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသ၊ MNDAA ထိန်းချုပ်နယ်မြေရှိ  တပ်စခန်းများကို အသေအကြေ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က MNDAA ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာသည်ဟု MNDAA က ထုတ်ပြန်သည်။

MNDAA ဥက္ကဌဟောင်း ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က လူကြီးရောဂါဖြင့် အသက်(၉၄)နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်က MNDAA တပ်စခန်းများကို တဖက်တွင် ထိုးစစ်ဆင်နေပြီး တစ်ဖက်တွင် ဝမ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့လာ ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီတပ်များသည် MNDAA ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်အပြင်၊ လေယာဉ်များပါ အသုံးပြု၍ နေ့စဉ်တိုက်ခိုက်နေခြင်းဖြစ်သည်။

မကြာသေးမီ ဖေဖော်ဝါရီလ(၁၃)ရက်၊ ညနေပိုင်းကမှ အထူးဒေသ (၁)မူပန်ခရိုင်တွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။

ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့‌သော်လည်း စစ်ကောင်စီတပ်သား(၈)ဦးသေခဲ့သေးသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ် အထိနာသွားသည့် တိုက်ပွဲမှာ မုံးကိုးမြို့နယ်အတွင်း ဇန်နဝါရီလ(၃)ရက်နေ့၏ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိရာတွင် ကြိမ်ခြင်းအလုံး(၂၀)ဖြင့် ထည့်ထား‌သော တပ်မ(၉၉)တံဆိပ်ပါ ယူနီဖောင်းများ၊ ၇.၆၂ မမ ကျည် ၆၈၅ တောင့်၊ ၅.၅၆ ကျည် ၃၇၆၀ တောင့်၊ ၆၀ မမ မော်တာကျည် ၁၈ လုံး၊ ဗုံးသီး ၉ လုံး၊ လက်ပစ်ဗုံး အလုံး ၄၀၊ RPG ဗုံးသီး ၆ ခု တို့ ပါဝင်သည်။

ထို့အပြင် မိုင်း ၁၂ လုံး၊ ကျည်ကပ် ၆ ခု၊ ပစ္စတိုကျည်ကပ်တစ်ခု၊ ပါဝါဘန့် ၈ ခု၊ ဓား ၆ လက်၊ စကားပြောစက် ၅ လုံး၊ မိုဘိုင်းဖုန်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ သေးသည်။

ထို့နောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ တပ်များသည် ကိုးကန့်ဒေသကို လေကြောင်း၊ ခြေလျင်တို့ဖြင့် နေ့စဉ်ထိုးစစ်ဆင်ခဲ့သော်လည်း အသေအပျောက်များခဲ့ခြင်းကြောင့် ၎င်းတို့ ကျင်းပသည့် ပြည်ထောင်စုနေ့တွင် အကန့်အသတ်မရှိ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟုဆိုကာ ဖိတ်ခေါ်ခဲ့သည်။

သို့သော် MNDAA တပ်ဖွဲ့သည် ၎င်းဖိတ်ခေါ်သည့် ပွဲသို့တက်ရောက်ခဲ့ခြင်းမရှိပေ။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA)တို့နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်းထားသည်။