လွိုင်ကော်မြို့တွင် ညပိုင်းတိုက်ပွဲ ပြင်းထန်နေပြီး အာဏာသိမ်းတပ်က လေကြောင်းဖြင့် ကင်းထောက် နေ

လွိုင်ကော်မြို့တွင် ညပိုင်းတိုက်ပွဲ ပြင်းထန်နေပြီး အာဏာသိမ်းတပ်က လေကြောင်းဖြင့် ကင်းထောက် နေ
ဖေဖော်ဝါရီ 16, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ ည (၈)နာရီကျော်ကတည်းကစ၍  တိုက်ပွဲများပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ရဟတ်ယာဉ်များဖြင့် တောက်လျှောက်ပျံဝဲကာ ကင်းထောက်နေကြောင်း သိရသည်။

ည (၈)နာရီလောက် ကတည်းကနေ နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းထန်နေတယ်။ လက်နက်ကြီး၊ ငယ် ဆက်တိုက်ပစ်နေတာ။ ကောင်းကင်မှာ ဂျက်လေယာဉ်တွေ တောက်လျှောက်ဝဲနေတယ်။ ည (၁၀)နာရီလောက်မှာ မီးပါဖြတ်ထားတယ်။ လေယာဉ်ကလည်း ဝဲနေတယ်၊ အောက်မှာလည်း အသေအကျေ ချနေကြတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ည (၁၀)နာရီခွဲကျော်တွင် ပြောသည်။

အာဏာသိမ်းတပ်၏ လေယာဉ်များက ယနေ့ ညပိုင်းတွင် ကရင်နီပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆိုဘက်တွင် ပျံဝဲနေသည်ကို တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင် ကရင်နီ - ရှမ်းနယ်စပ် မိုးဗြဲ၌ နံနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်နေပြီး ညပိုင်းတွင် လွိုင်ကော်၌ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

#TachileikNewsAgency