KNDF ၏ တပ်ရင်း(၁၀) လှုပ်ရှားနယ်မြေများအတွင်း ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ အာဏာသိမ်းစစ်တပ်၏ ထုတ်ကုန်များကို ရောင်းဝယ်သုံးစွဲခြင်းပြုပါက KNDF က အရေးယူတော့မည်

KNDF မှ အသိပေးစာရွက်များ လိုက်ကပ်စဉ် ( Photo: KNDF B10 )
KNDF မှ အသိပေးစာရွက်များ လိုက်ကပ်စဉ် ( Photo: KNDF B10 )
KNDF ၏ တပ်ရင်း(၁၀) လှုပ်ရှားနယ်မြေများအတွင်း ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ အာဏာသိမ်းစစ်တပ်၏ ထုတ်ကုန်များကို ရောင်းဝယ်သုံးစွဲခြင်းပြုပါက KNDF က အရေးယူတော့မည်
ဒီဇင်ဘာ 28, 2021 | ကယား

ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများလုပ်ဆောင်နေသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ အာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်သည့် ထုတ်ကုန်ပစ္စည်းများကို ရောင်းချ သုံးစွဲခြင်း မပြုလုပ်ရေး သတိပေးစာများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏  တပ်ရင်း(၁၀)လှုပ်ရှားနယ်မြေများအတွင်း အသိပေး ဖြန့်ဝေမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏  တပ်ရင်း(၁၀) လှုပ်ရှားနယ်မြေအတွင်းရှိ ဆိုင်များတွင် ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်တပ်မှ ထုတ်လုပ် ဆက်နွယ်သည့် ကုန်ပစ္စည်းများဖြစ်သည့် Mytel၊ Premium Gold၊ Red Ruby၊ မြန်မာဘီယာ၊ အန်ဒမန်၊ ဒဂုံ၊ မန္တလေးတံဆိပ် ဘီယာများ၊ ဆင်မင်း၊ ကြံ့တံဆိပ်ဘိလပ်မြေ၊ Seven၊ Milky နို့ဆီ နှင့် ရွှေဖီဦး တီးမစ် စသည့် ထုတ်ကုန်ပစ္စည်းများကို လက်ဝယ်သိုလှောင် ရောင်းချခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို လုံးဝ(လုံးဝ)ခွင့်မပြုကြောင်း KNDF က အသိပေးထားသည်။

သတ်မှတ်ထားသည့် နေ့ကစပြီး တားမြစ်ထားသည့်ကြားက သယ်ယူ၊ ရောင်းချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ပေးဆောင်ခံရမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၂၆)ရက်နေ့က စတင် အသိပေးထားပြီး အသိပညာပေးကာလအဖြစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့က ကလေးငယ် နှင့် အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ (၃၅)ဦးကို အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်ထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စဉ်များအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၁၀)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အာဏာရှင်မှန်သမျှ ကျဆုံးရေးအတွက် လူထုနှင့်အတူ အစွန်းကုန် တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားရှိသည်။