အရာတော်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုများကြောင့် သီးနှံရိတ်သိမ်းရေး အခက်တွေ့နေ၍ ဆရာတော်များက  စကစ ကို မေတ္တာ ရပ်ခံနေရ

အရာတော်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုများကြောင့် သီးနှံရိတ်သိမ်းရေး အခက်တွေ့နေ၍ ဆရာတော်များက  စကစ ကို မေတ္တာ ရပ်ခံနေရ
ဒီဇင်ဘာ 21, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်မှ လက်နက် အင်အား လူအင်အားများဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးကာ ဖမ်းဆီးနှိပ်စက်နေမှုများကြောင့် သီးနှံရိတ်သိမ်းချိန်ဖြစ်သော်လည်း တောင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် တောင်သူများ ဘေးကင်းစွာ ရိတ်သိမ်းခွင့်ရရန် မဟာဂန္ဓာရုံနာယကချုပ်ဆရာတော် အပါဝင် ဆရာတော်ကြီးများက ဒီဇင်ဘာလ(၂၁)ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာ ပေးပို့ထားရကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း သလဲဘာရွာ၊ ကဲဘာကျေးရွာ၊ မင်းရွာ၊ အလယ်ရွာ၊ လက်ပံသာရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာ၊ ဆင်တလည်ရွာ၊ ညောင်ခြေထောက်ရွာ၊ ငါးကင်ရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာ၊ ရွှေစည်းခုံရွာ နှင့် သာစည်ရွာတို့တွင် အာဏာသိမ်းစစ်တပ်မှ လက်နက်နှင့်လူအင်အားများဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းရှိ အချို့နေအိမ်များကို NLD ထောက်ခံအားပေးသူ၏ နေအိမ် နှင့် PDF ၏ နေအိမ်များအဖြစ် သတ်မှတ်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးသည့် အပြင် နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

ယင်းအပြင် ဒေသခံ ပြည်သူများအား ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ရွာခံတောင်သူများမှာ သီးနှံရိတ်သိမ်းချိန်တွင် မရိတ်သိမ်းရဘဲ ထွက်ပြေးတိမ်းရှောက်နေရခြင်းကြောင့် ယခုလို မေတ္တာရပ်ခံစာ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။