TNLA နှင့်ပူးပေါင်းတပ်ဖွဲ့ မိုးကုတ်မြို့နယ်တွင်း ဂွေးပင်ရွာအနီး အာဏာသိမ်းစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်

Photo: TNLA
Photo: TNLA
TNLA နှင့်ပူးပေါင်းတပ်ဖွဲ့ မိုးကုတ်မြို့နယ်တွင်း ဂွေးပင်ရွာအနီး အာဏာသိမ်းစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်
ဖေဖော်ဝါရီ 14, 2022 | ရှမ်းမြောက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း မန္တလေး - မိုးကုတ် ကားလမ်းပေါ်ရှိ ဂွေးပင်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်ကောင်စီစခန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းကျသွားပြီဖြစ်ကြောင်း သိရသည်။

တပ်စခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်သည့်အတွက် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ကူများလွှတ်နေပြီး နေ့လယ် (၁၁)နာရီဝန်းကျင်တွင် စစ်ကူလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ လူအင်အားအပြည့်နှင့် ကား (၇)စီးသည် နေ့လယ် (၁၁)နာရီဝန်းကျင်က ရွှေညောင်ပင်သို့ ရောက်လာခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့အနီး ဂွေးပင်ကျေးရွာအနီး တပ်စခန်းအား ယနေ့ နံနက် (၄)နာရီကျော်ကတည်းက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း TNLA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် အဖွဲ့များကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် AA၊ MNDAA တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်အတွင်း လုံကစ်နှင့် နမ့်ဖာကျေးရွာကြားတွင်  ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ကို တွေ့ရသည်။

အလားတူ TNLA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဖေဖေါ်ဝါရီလ (၄) ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မီးတပ်ကျေးရွာအနီးတွင် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့်  MNDAA ကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက ကိုးကန့်ဒေသတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။