တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေများထဲက လျော်ကြေးယူရန် ကျန်သည့် မြေပိုင်ရှင် (၁၂)ဦးကို ညှိနှိုင်း

တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေများထဲက လျော်ကြေးယူရန် ကျန်သည့် မြေပိုင်ရှင် (၁၂)ဦးကို ညှိနှိုင်း
သြဂုတ် 13, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေများထဲက လျော်ကြေးယူရန် ကျန်သည့် မြေပိုင်ရှင် (၁၂)ဦးကို ညှိနှိုင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ် အရှေ့မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းမြေများထဲက မြေယာလျော်ကြေး ယူရန်ကျန်နေသည့် မြေပိုင်ရှင် (၁၂) ဦးကို  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူညှိနှိုင်းသည်။

“ကျန်တာတော့ (၁၄) ယောက်ပဲ ကျန်တော့တာပေါ့။ မြေပိုင်ရှင်(၂၀၀) နီးပါးမှာ (၁၄) ယောက်ပဲကျန်တော့တာဆိုတော့ ဆွေးနွေးသွားရမှာပေါ့။ သူတို့ပြောတဲ့အကြောင်းအရာတွေက အများကြီးပဲ။ (၁၄) ယောက်မှာ (၁၄) မျိုးလောက်ဖြစ်နေတာပေါ့။ တစ်ချို့ကလည်း မြေကွက်လိုချင်တာပေါ့။ တစ်ချို့ကတော့ ကျန်တဲ့မြေကိုဘာလုပ်ပေးမလဲပေါ့။ တစ်ချို့လူတွေကျတော့လည်း သူတို့ပိုင်တဲ့မြေကွက်တွေကို ကူညီပေးဖို့ တင်ပြတာတွေရှိတယ်။ တစ်ချို့ကလည်း လမ်းကိုနည်းနည်းရွှေ့ပေးဖို့၊ လမ်းအူကြောင်းပြောင်းပေးဖို့ စသဖြင့် သူတို့လိုလားချက်တွေက အများကြီးပေါ့။ ဒါတွေကိုပြေလည်အောင် အတတ်နိုင်ဆုံးဘောင်ထဲကနေ ညှိနှိုင်းသွားမှာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြေပိုင်ရှင် (၁၄)ဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့်  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တာချီလိတ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) အနီးမှနေ၍ မယ်ဆိုင်ချောင်းတစ်လျှောက် စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်းအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ကျပ်သန်း (၁၃၄၃)ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~