ရှမ်းပြည်နယ်အတွင်း ဈေးသည်နှင့်ဆိုင်ခန်းများ အသံတိတ်သပိတ်ပါဝင်ပြီး ဈေးနှင့်ဆိုင် ပိတ်ပါက နိုင်ငံရေးအမှုများဖြင့် အရေးယူရန် ပြည်နယ် စည်ပင် ညွှန်မှူး ဦးစိုင်းထွန်းထွန်းက ညွှန်ကြားထား

ရှမ်းပြည်နယ်အတွင်း ဈေးသည်နှင့်ဆိုင်ခန်းများ အသံတိတ်သပိတ်ပါဝင်ပြီး ဈေးနှင့်ဆိုင် ပိတ်ပါက နိုင်ငံရေးအမှုများဖြင့် အရေးယူရန် ပြည်နယ် စည်ပင် ညွှန်မှူး ဦးစိုင်းထွန်းထွန်းက ညွှန်ကြားထား
ဇန်နဝါရီ 26, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း ဈေးသည်နှင့် ဆိုင်ခန်းများအားလုံး ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အသံတိတ်သပိတ်ကို ပါဝင်လုပ်ဆောင်ပြီး ဆိုင်ပိတ်ပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် နိုင်ရေးအမှုများဖြင့်ပါ အရေးယူနိုင်ရေးအတွက် Facebook နှင့် မြေပြင်အခြေအနေများကို စောင့်ကြည့်ပြီး နေ့စဉ် မှတ်တမ်းထားရှိရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြည်နယ်အတွင်းရှိ စည်ပင်ဌာနမှ အမှုဆောင်အရာရှိများကို ဇန်နဝါရီလ(၂၅)ရက်နေ့က စပြီး ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက  ပြည်နယ်အတွင်းရှိ စည်ပင်ဌာနမှ အမှုဆောင်အရာရှိများအား စည်ပင်ပိုင်ဈေးများနှင့် လမ်းဘေးဆိုင်ခန်းများမှ ဈေးသည်များအားလုံး ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဆိုင်ပိတ်မည်ဟု စာကပ်၍ ကြေညာထားခြင်း ရှိ မရှိနှင့် ဈေးသည်အချင်းချင်း ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဈေးပိတ်ရန် ဆော်ဩမှုရှိမရှိ အပါအဝင် အသံတိတ် သပိတ်ကို ပါဝင်သည့် ဈေးသည်များအား မှတ်တမ်းများရယူထားပြီး အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နှင့် ပုဒ်မ ၁၂၄၊ ပုဒ်မ ၅၀၅-က စသည်တို့ဖြင့် အရေးယူရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ညွှန်မှူးက မနေ့က စပြီး ညွှန်ကြားလာတယ်။    အဲ့တော့ ဒီနေ့က စပြီး ဆိုင်တွေကို အသိလိုက်ပေးဖို့။ စာထုတ်တာတွေ လုပ်ထားဖို့၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ဆိုင်မပိတ်ပါဘူးဆိုတဲ့ ခံဝန်ဂတိ လက်မှတ် ထိုးတာတွေ လုပ်ဖို့ပေါ့။ ကျွန်တော်တို့ ရှမ်း(တောင်)က ဌာနတွေလည်း စလုပ်နေပါပြီ အဲ့လိုပဲ ရှမ်း(ရှေ့)ရော၊ ရှမ်း(မြောက်)ရော တပြိုင်တည်း လုပ်နေကြရတယ်..

ဟု အမည်မဖော်လိုသူ စည်ပင်ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 ရှမ်းပြည်နယ်အတွင်း ယနေ့ ၂၀၂၂ခုနှစ် ဇန်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စပြီး စည်ပင်သာယာရေးဌာန အပါအဝင် ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စစ်တပ်၊ မီးသတ် နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဈေးနှင့်ဆိုင်းများကို လိုက်လံ အသိပေးခြင်း၊ ခံဝန်ဂတိလက်မှတ်ထိုးခြင်းများ လုပ်ဆောင်သည်ဟု သိရသည်။