တာချီလိတ်မြို့တွင် facebook ပေါ် စစ်တပ်ဆန့်ကျင်ရေး ရေးသား၍ဟုဆိုကာ သတင်းပေးတိုင်ကြားမှုကြောင့် ပန်းရောင်းနေသည့် အမျိုးသမီး အပါအဝင် (၂)ဦး ဖမ်းခံရ

တာချီလိတ်မြို့တွင် facebook ပေါ် စစ်တပ်ဆန့်ကျင်ရေး ရေးသား၍ဟုဆိုကာ သတင်းပေးတိုင်ကြားမှုကြောင့် ပန်းရောင်းနေသည့် အမျိုးသမီး အပါအဝင် (၂)ဦး ဖမ်းခံရ
ဇန်နဝါရီ 25, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် Facebook ပေါ် စစ်တပ်ဆန့်ကျင်ရေး ရေးသား၍ဟုဆိုကာ  ပန်းရောင်းနေသည့် ပန်းသည်အမျိုးသမီး အပါအဝင် (၂  )ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

တနင်္ဂနွေနေ့ နံနက်က လာဖမ်းသွားတာ။ facebook ပေါ်မှာ ပုံတွေ စာတွေ ဘယ်ဖုန်းနဲ့ တင်တယ်ဆိုတာ အတိအကျ တိုင်လို့ ဖမ်းခံရတာ။ ဈေးထဲမှာက သူ့နဲ့မတည့်တဲ့ ဈေးသည်တစ်ချို့က ရှိသေးတယ်။ တခါတုန်းကဆိုရင်  နဘမ်းပါ လုံးဖူးတဲ့အထိပဲ၊ နောက်ပြီး မတည့်တဲ့ထဲက အမျိုးသမီးတစ်ဦးကဆို စစ်သားမိန်းမ။ အဲ့တော့ အများကတော့ ထင်ကြေးပေးတာကတော့ သူတို့တွေလို့လည်း ထင်ကြေးပေးတာတွေရှိတာပေါ့၊ ဘယ်သူတိုင်လဲဆိုတာကိုတာ မသိရပေမဲ့ တိုင်တာကတော့ အတိအကျကို တိုင်ခံရလို့ ဖမ်းခံရတာ

ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကက Tachileik News Agency သို့ ပြောသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ အာခါဈေးတွင် ပန်းရောင်းသူ မမိစိုး(ခ)မသန္တာစိုးဖြစ်ကြောင်း သိရသည်။ 

 

အလားတူပင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နှင့်ပါလျှံ(၂)အကြားနေ ဦးအာကာ ဆိုသူကိုလည်း သတင်းပေးတိုင်ကြားခံရမှုကြောင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ ညနေပိုင်းက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်းက စ၍ ဇန်နဝါရီလ(၂၄)ရက်နေ့အထိ ဖမ်းဆီးခံထားရသူ အများအပြားရှိနေပြီး ဖမ်းဆီးစဉ်က စစ်ဆေးစရာရှိ၍ဟုဆိုကာ ခေါ်ဆောင်သွားရာမှ အမှုဖွင့်၍ရအောင် ရက်ကြာဖမ်းထားပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူများရှိနေပြီး ဖမ်းဆီးခံရသူအချို့အား သက်သာရန်အတွက် စစ်တပ်နှင့် ခရိုင်မြို့နယ်ရဲတပ်ဖွဲ့များသို့ ပေးရန်အတွက်ဟုဆိုတာကာ ငွေကြေးအဆမတန် တောင်းရမ်းမှုနှင့်လည်း ကြုံနေရကြောင်း သိရသည်။ 

ယင်းအပြင် အမှုဖြင့် သိမ်းထားသည့် ဆိုင်ကယ်အချို့ကိုလည်း တာချီလိတ်မြို့မရဲစခန်းက ထုတ်ယူအသုံးပြုနေသလို နီးစပ်ရာများကိုလည်း ပေး၍ အသုံးပြုနေသည်ဟုလည်း သိရသည်။