ကျောက်မဲမြို့နယ်အတွင်း နောင်ပိန် NLD ရပ်ကျေးအဖွဲ့ဝင်တစ်ဦးကို အာဏာသိမ်းစစ်တပ်က ဦးခေါင်းကို အဝတ်ဖြင့်ဖုံး၍ ဖမ်းခေါ်သွား

ကျောက်မဲမြို့နယ်အတွင်း နောင်ပိန် NLD ရပ်ကျေးအဖွဲ့ဝင်တစ်ဦးကို အာဏာသိမ်းစစ်တပ်က ဦးခေါင်းကို အဝတ်ဖြင့်ဖုံး၍ ဖမ်းခေါ်သွား
ဇန်နဝါရီ 19, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ NLD ရပ်ကျေးအဖွဲ့ဝင် အသက် ( ၆၀ ) ဝန်းကျင် အမျိုးသားတစ်ဦးကို အာဏာသိမ်းအဖွဲ့၏စစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ( ၁၉ ) ရက် ညနေပိုင်းတွင် လာရောက်ဖမ်းဆီးပြီး ဦးခေါင်းကို အဝတ်ဖြင့်စွပ်၍ ခေါ်သွားကြောင်း သိရသည်။ 

ရွာကလူတွေက လေးတူး/ ကိုတူးလို့ခေါ်ကြတာ များတယ်။ နာမည်အရင်းက ဦးကျော်လွင်။ သူ့ကို စစ်မေးစရာရှိတယ်ဆိုပြီး နောင်ပိန်ရွာက နေအိမ်မှာ လာဖမ်းသွားတာ။ လာဖမ်းတော့ ခေါင်းကိုအဝတ်နဲ့စွပ်ပြီး ဖမ်းသွားတာ

ဟု တွေ့မြင်လိုက်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ဦီးကျော်လွင်၏ နောင်ပိန်ကျေးရွာမှ နေအိမ်တွင် ရှိနေစဉ် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက အိမ်စီးကားသုံးစီးဖြင့် ရောက်လာကာ ဖမ်းဆီးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ကျောက်မဲမြို့နယ်အတွင်းမှ NLD ရပ်/ကျေး ပါတီဝင်များကို လိုက်လံဖမ်းစီးမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပြင် CDM ဝန်ထမ်းများအား ကူညီသူများ၊ စစ်အာဏာရှင်တော်လှန်ရေးအား ပံ့ပိုးသူများကိုလည်း ရှာဖွေနေသည်ဟု သတင်းများထွက်နေခြင်းဖြစ်သည်။  

အာဏာသိမ်းအဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းသည့်နေ့ကတည်းကစ၍ NLD ပါတီဝင်များအား တောက်လျှောက်ဖမ်းဆီးနေသည့်အပြင် အာဏာသိမ်းမှုလက်မခံသူများနှင့် ၎င်းတို့အား ဆန့်ကျင်သည်ဟု ယူဆသူမှန်သမျှကို အကြမ်းဖက်ဖမ်းဆီးခြင်းများကို တောက်လျှောက်လုပ်နေခြင်းဖြစ်သည်။