တာချီလိတ်မြို့တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူ NLD ပါတီဝင် ဦးကျော်မြင့်ကို ပြန်ဖမ်းပြီး Facebook မက်ဆင်ဂျာကနေ  လိုက်လံ ဆက်သွယ်နေ

တာချီလိတ်မြို့တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူ NLD ပါတီဝင် ဦးကျော်မြင့်ကို ပြန်ဖမ်းပြီး Facebook မက်ဆင်ဂျာကနေ  လိုက်လံ ဆက်သွယ်နေ
ဇန်နဝါရီ 13, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်လာသည့်  ရွှေတာချီလူမှုကူညီရေးအသင်းမှ NLD ပါတီဝင်လည်း ဖြစ်သူ ဦးကျော်မြင့်အား ရဲက ပြန်လည်ဖမ်းဆီးပြီး ၎င်း၏ Facebook ကိုယူသုံးကာ အချို့လူများကို မေးမြန်းဆက်သွယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က  ဦးကျော်မြင့်အား ရွှေတာချီလူမှုကူညီရေးအသင်းတွင် ရဲက လာရောက်ပြီး မေးစရာရှိ၍ဟု ဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ၎င်း၏ "Kyaw Myint"အမည်ဖြင့် Facebook အကောင့်ကနေ ရဲက ၎င်းတို့ အလိုရှိနေသူများ၏ facebook အကောင့်များသို့ ဆက်သွယ်၍ အပြင်တွင် တွေ့ဆုံစကားပြောလိုခြင်း၊ စကားနှိုက်ခြင်း၊ မေးမြန်းပြောဆိုခြင်းများရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍   စစ်တပ်နှင့်ရဲတို့က အပြစ်မဲ့ လူငယ် အများအပြားကို နှင့် NLD ပါတီဝင်အချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။