ကရင်နီပြည်နယ်အတွင်း ပြင်းထန်တိုက်ပွဲများ နှင့်   စစ်ရှောင်ပြည်သူများ၏  ဖြစ်စဉ်များကို ပြည်သူထူအားလုံး အလေးထား အာရုံစိုက်ပေးကြပါရန် တောင်းဆို

ကရင်နီပြည်နယ်အတွင်း ပြင်းထန်တိုက်ပွဲများ နှင့်   စစ်ရှောင်ပြည်သူများ၏  ဖြစ်စဉ်များကို ပြည်သူထူအားလုံး အလေးထား အာရုံစိုက်ပေးကြပါရန် တောင်းဆို
ဇန်နဝါရီ 9, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်အတွင်း ပြင်းထန်လျက်ရှိသော တိုက်ပွဲများနှင့် အရေးပေါ်အကူအညီများလိုအပ်လျှက်ရှိသော စစ်ရှောင်ပြည်သူများ၏ သတင်းဖြစ်စဉ်များကို အလေးထား အာရုံစိုက်ပေးကြပါရန် နိုင်ငံအဝန်းရှိ ပြည်သူလူထုတရပ်လုံးအား တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၊ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်၊ Karenni's Voice နှင့် Associate of Karenni Policy Support က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယင်းအပြင် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသော စစ်ရှောင်ပြည်သူများအတွက် နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူ များမှာ ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီလှူဒါန်းပေးကြပါရန်လည်း မေတ္တာရပ်ခံ တောင်းဆိုထားသည်။

တိုက်ပွဲများအကြား ဒဏ်ရာရပြည်သူများအား ကာကွယ်ရေးရဲဘော်များ ကယ်ထုတ်နေချိန်၊ စစ်ရှောင်ပြည်သူများ စစ်ရှောင်ထွက်ပြေးနေရချိန်တို့တွင် ရဲဘော်နှင့် ပြည်သူများ၏  ဓါတ်ပုံများအား လုံခြုံရေးအရ ဝါး(Blur)ပေးကြပါရန်လည်း တောင်းဆိုထားသည်။

ကရင်နီပြည်နယ်နှင့် နယ်မြေခြင်းဆက်စပ်လျက်ရှိသော မြို့ကြီးများရှိ ပြည်သူလူထုအနေဖြင့်လည်း စစ်ရှောင်ပြည်သူများကို စာနာထောက်ထားသောအားဖြင့် မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီထောက်ပံ့ပေးကြပါရန်လည်း တောင်းဆိုထားသည်။

ကရင်နီပြည်နယ်၏ နေရာအနှံ့တွင် ဒီဇင်ဘာနောက်ဆုံးအပတ်မှစပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည့်အနက် ၁၀ ကြိမ်ကျော်မှာ ယခုနှစ် ဇန်နဝါရီ ပထမအပတ်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများ၊ မီးရှိဖျက်ဆီးမှုများကြောင့် တပြည်လုံးလူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် ယခုအခါ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်မီးတောက်လောင်လျှက်ရှိသော အရေးပေါ်အခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် မိဘပြည်သူများအား အဆိုပါအချက်များကို အလေးအနက်ထား သတိပြုကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency