အာဏာသိမ်းအဖွဲ့က မြင်းခြံမှ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုပိုင်ဖုန်းမော်ကို ရှာဖွေနေပြီး ညီဖြစ်သူကိုလည်း အကြောင်းမဲ့ ဖမ်းဆီး

အာဏာသိမ်းအဖွဲ့က မြင်းခြံမှ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုပိုင်ဖုန်းမော်ကို ရှာဖွေနေပြီး ညီဖြစ်သူကိုလည်း အကြောင်းမဲ့ ဖမ်းဆီး
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုပိုင်ဖုန်းမော်ကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိနေအိမ်မှ ညီဖြစ်သူကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ကိုပိုင်ဖုန်းမော်ကို PDF ဟု စွပ်စွဲကာ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ ည (၁၀) နာရီဝန်းကျင်တွင် မြင်းခြံမြို့ရှိနေအိမ်၌ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

မြင်းခြံနေအိမ်တွင် လာရောက်ရှာဖွေ ဖမ်းဆီးစဉ် နေအိမ်ရှိ ကိုပိုင်ဖုန်းမော်၏ ညီဖြစ်သူ ကိုအောင်မျိုးသန့်ကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၈)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသည့် ကိုအောင်မျိုးသန့်သည်  မြင်းခြံတက္ကသိုလ် အင်္ဂလိပ်​စာ ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ဇန်နဝါရီလ (၇) ရက်နေ့တွင်လည်း  ကိုပိုင်ဖုန်းမော် နေထိုင်သည်ဟု ၎င်းတို့ယူဆသည့် ဝမ်းတွင်းမြို့နယ်၊ အင်းကုန်း-အလမ္ပာယ်​ကျေးရွာကိုလည်း ရှာဖွေသည်ဟု သိရသည်။ 

ကိုပိုင်ဖုန်းမော်သည် နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်မှ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင်  CDM ပြုလုပ်ထားသူ ဖြစ်သည်။