ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် (၃၈)နှစ်နှင့် ငွေဒဏ် ချမှတ် 

ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် (၃၈)နှစ်နှင့် ငွေဒဏ် ချမှတ် 
ဒီဇင်ဘာ 30, 2021 | ရှမ်းတောင်

အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးမှုကို ခံထားရသည့်  NLD ပါတီမှ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)  ရက်နေ့တွင် အမှု (၅)မှုအတွက် ထောင်ဒဏ် (၃၈)နှစ်နှင့် ငွေဒဏ် ကျပ် (၂) သိန်း ချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်အား ပုဒ်မ ၅၀၅ ဖြင့် စွဲဆိုထားသည့် အမှု (၂)မှုအတွက် ထောင်ဒဏ် (၄) နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် နှစ် (၂၀)၊ ၁၂၂ (က)အတွက် ထောင်ဒဏ် (၇)နှစ်နှင့် ငွေဒဏ် ကျပ်တစ်သိန်း၊ ၁၂ ဃအမှုအတွက် ထောင်ဒဏ် (၇)နှစ်နှင့် ငွေဒဏ်ကျပ် ၁ သိန်းကို အာဏာသိမ်းအဖွဲ့၏ ထောင်တွင်း တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

ဝန်ကြီး ဦးစိုးညွန့်လွင်ကို အာဏာသိမ်းအဖွဲ့က စွဲဆိုထားသည့် နောက်ထပ် (၄) မှုကျန်သေးကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့လက်အောက်မှ တောင်ကြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက တောင်ကြီး မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့သဖြင့်  အမှုကြီးအမှတ်၊ (၁၄၉/၂၀၂၁)၊ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၆) ရက်နေ့ နံနက်အစောပိုင်းတွင် အာဏာသိမ်းအဖွဲ့က ဝန်ကြီး ဦးစိုးညွန့်လွင်အား ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အာဏာသိမ်းအဖွဲ့က ဝန်ကြီး ဦးစိုးညွန့်လွင်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ညောင်ရွှေ (တောင်လေးလုံး)အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ပုဒ်မများစွာဖြင့် စွဲဆိုခဲ့ကာ ယနေ့တွင် ထောင်တွင်းတရားရုံးက အမိန့်ချခြင်းဖြစ်သည်။