မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ထိုင်းနိုင်ငံ ဆူမီတိုမိုကားမီးကြိုးစက်ရုံမှ မြန်မာမိသားစုများက AAC က တဆင့် ဆန်နှင့်အခြားပစ္စည်းများ လှူဒါန်း

 မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ထိုင်းနိုင်ငံ ဆူမီတိုမိုကားမီးကြိုးစက်ရုံမှ မြန်မာမိသားစုများက AAC က တဆင့် ဆန်နှင့်အခြားပစ္စည်းများ လှူဒါန်း
ဒီဇင်ဘာ 24, 2021 | အလုပ်သမားရေးရာ

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ထိုးစစ်မှုများကြောင့်  ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာနိုင်ငံအတွင်းမှ စစ်ဘေးရှောင်ပြည်သူများအတွက် ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ရောက် မြန်မာများက ဆန်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို AAC ကနေ တဆင့် ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။

(၅)ကီလို အလေးအချိန်ရှိ ဆန်အိတ်ပေါင်း (၁၇၆၅)အိတ်၊ (၁၅)ကီလို အလေးချိန်ရှိ ဆန်အိတ်(၅)အိတ်၊ မာမားခေါက်ဆွဲခြောက် (၁၄)ဖာ၊ အနွေးထည်စောင် အထုတ်(၂၀)၊ ခြင်ထောင် နှင့် ဆေးဝါးအချို့ စုစုပေါင်း ကျန်သိန်း(၁၀၀)ဖိုး တန်ဖိုးရှိပစ္စည်းများကို ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ ညနေပိုင်းက ထိုင်းရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ ကနေ တဆင့် လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"နှစ်သစ်ကူးပါတီ စက်ရုံက လုပ်ပေးမရလို့ စက်ရုံ၀န်ထမ်းတွေကို တစ်ယောက်ကို (၅)ကီလို ဆန်အိတ် ပြန်ပြီးလက်ဆောင်ပေးတာပါ။  ခုညနေက မြန်မာပြည် စစ်ဘေးရှောင်တွေအတွက် AAC အဖွဲ့ကို လွဲပြောင်းလှူတန်းလိုက်တာပါ"ဟု   ဆူမီတိုမိုကားမီးကြိုးစက်ရုံ ကိုOxygen က Tachileik News Agency သို့ ပြောသည်။

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်အတွင်းရှိ ဆူမီတိုမိုကားမီးကြိုးစက်ရုံမှ မြန်မာမိသားစုများက မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ယခုလို ပြန်လည်လှူဒါန်းပေးခြင်း ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း မဟာချိုင်အတွင်း Covid-19 ကြောင့် Lockdown ဖြစ်နေချိန် မြန်မာများကို ပြန်လည်လှူဒါန်းပေးခြင်းများလည်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

စစ်ရှောင်များအတွက် အကူအညီပစ္စည်းများပေးပို့လိုပါက AAC ၏ ဖုန်းနံပါတ်များဖြစ်ကြသည့် (ထိုင်းဖုန်း )0853415611၊ 0649129190၊ 0990577498၊ 0948879992 နှင့် 0661593331 တို့သို့ ဆက်သွယ်နိုင်ပြီး AAC က စစ်ရှောင်များထံ နေ့စဉ်ပို့ပေးသွားမည်ဟုလည်း သိရသည်။



#TachileikNewsAgency