နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA သိမ်း၊ ကျောက်ကြမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာရရှိ

နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA သိမ်း၊ ကျောက်ကြမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာရရှိ
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်အား တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ဆက်လက်တိုက်ခိုက်နေရာ ယနေ့နံနက်ပိုင်းတွင် ကျောက်ကြမ်းကျေး ရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာဘက်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA၊  မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ကလည်း နောင်ချိုမြို့နယ်ရှိ သံဘိုရွာ နတ်စင်ကုန်း စစ်ကောင်စီတပ်စခန်းကို TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေဆဲဟု ဆိုသည်။ 

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့  ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန်လည်း TNLAက အသိပေးမေတ္တာရပ်ခံထားသည်။

#TachileikNewsAgency