MNDAA(ကိုးကန့်)က ကျဆုံးသူရဲကောင်းစစ်သည်များအတွက် ဂါရဝပြုဆုတောင်းပွဲ ကျင်းပ

Photo: the kokang
Photo: the kokang
MNDAA(ကိုးကန့်)က ကျဆုံးသူရဲကောင်းစစ်သည်များအတွက် ဂါရဝပြုဆုတောင်းပွဲ ကျင်းပ
ဒီဇင်ဘာ 16, 2021 | ရှမ်းမြောက်

MNDAA(ကိုးကန့်)၏ ခုခံကာကွယ်စစ်အတွင်း ကျဆုံးသူရဲကောင်းစစ်သည်များကို ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) မုံးကိုးခရိုင်တွင် အာဏာသိမ်းစစ်တပ်နှင့် အပြင်းအထန်တိုက်ပွဲဖြစ်နေသည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့က ကျင်းပကြောင်း သိရသည်။

"သူရဲကောင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အထူးဒေသ(၁)၏ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိနိုင်ရေးအတွက် ကိုယ်ကျိုးမဖက် ပေးဆပ်စွန့်စားရဲသည့် စိတ်ဓာတ်ကိုသတိရပြီး  သမိုင်းထဲတွင် မှတ်ကျောက်တင်ခံရမည်ဖြစ်သည်။ ကျဆုံးသော သူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို  ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ ဆက်လက်ပြီး တော်လှန်ရေးအောင်မြင်သည့်အထိ လုပ်ဆောင်သွားမည်"ဟု  မြန်မာနိုင်ငံအမှန်တရားနှင့်မျှတသောအမျိုးသားပါတီ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)က ဝမ်းနည်းကြောင်း ထုတ်ပြန်စာတွင် ဖေါ်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် MNDAA ကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လကတည်းက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency