မကွေးမြို့တွင် ဈေးဆိုင်များ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဖွင့်ရန် စည်ပင်က အမိန့်ပေးကာ လက်မှတ်ထိုးခိုင်း

ပုံအညွှန်း - မကွေးမြို့ရှိ ရန်ပယ်ဈေးပုံ ( ပုံအဟောင်း ဖြစ်ပါသည် )
ပုံအညွှန်း - မကွေးမြို့ရှိ ရန်ပယ်ဈေးပုံ ( ပုံအဟောင်း ဖြစ်ပါသည် )
မကွေးမြို့တွင် ဈေးဆိုင်များ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဖွင့်ရန် စည်ပင်က အမိန့်ပေးကာ လက်မှတ်ထိုးခိုင်း
ဒီဇင်ဘာ 9, 2021 | အခြားဒေသများ

မကွေးမြို့တွင် ဈေးနှင့်ဈေးဆိုင်များ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် အသံတိတ်သပိတ်(Silent Strike) မလုပ်ဆောင်စေရေးအတွက် ဆိုင်များ ဖွင့်လှစ်ရန် စည်ပင်က လိုက်လံအမိန့်ပေးကာ   ခံဝန်လက်မှတ်ထိုးခိုင်းနေသည်။

"မနက်ဖြန် ဆိုင်တွေဖွင့်ဖို့ စည်ပင်က လက်မှတ်တွေ ထိုးခိုင်းတယ်။ ထိုးဆိုတော့လည်း ထိုးပေးလိုက်တယ်။ ကျွန်တော်တို့ ဆိုင်ကတော့ ပိတ်မှာ။"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၉)ရက်နေ့ ညနေပိုင်းက ပြောသည်။ 

ယနေ့ ဒီဇင်ဘာလ(၉)ရက်နေ့ နံနက်က မကွေးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က ယခင်လို ယူနီဖောင်းများ မဝတ်ဆင်ဘဲ အရပ်ဝတ်များဖြင့် ဆိုင်များကို ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဆိုင်များဖွင့်ရမည်ဖြစ်ကြောင်း လိုက်လံအမိန့်ပေးကာ ခံဝန်လက်မှတ်များ ထိုးခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

မကွေးမြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဈေးဆိုင်တော်တော်များများ ပိတ်မည်ဟု သိရသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ဈေးနှင့်ဈေးဆိုင်များ ပိတ်ခြင်း၊ နေအိမ်ပြင်ပ ထွက်ခြင်းများကို မလုပ်ဆောင်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ခြင်း အသံတိတ်သပိတ်(Silent Strike)လုပ်ဆောင်ကြမည်ဖြစ်သည်။