ကျောက်မဲတွင် Covid-19 ဆေးရုံဆင်း လူနာနှင့် အိမ်တွင် ကုနေသည့် လူနာတို့ သေဆုံး

ကျောက်မဲတွင် Covid-19 ဆေးရုံဆင်း လူနာနှင့် အိမ်တွင် ကုနေသည့် လူနာတို့ သေဆုံး
သြဂုတ် 12, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 ကုသမှုခံယူပြီး ဆေးရုံဆင်းလာသူ (၁) ဦးနှင့် နေအိမ်၌ ကုသနေသူ (၁) ဦးတို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့က သေဆုံးသွားသည့်အတွက် စာရင်းရရှိသည့် အတည်ပြုလူနာသေဆုံးမှု (၃၃) ဦး ရှိပြီဖြစ်သည်။

ကျောက်မဲမြို့  အမှတ် ( ၁ ) အုတ်ကျင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ( ၅၂ )နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် ရောဂါလက္ခဏာမပြဘဲ Covid-19  ကူးစက်ခံထားရသည်ကို ခရိုင်ဆေးရုံတွင် ဩဂုတ်လ  (၁၁) ရက်နေ့က သွားရောက်စစ်ဆေးတွေ့ခဲ့သော်လည်း နေအိမ်တွင် တစ်ဦးတည်းနေသူဖြစ်၍ အိမ်တွင်ကုသမည်ဟုဆိုကာ ပြန်လာသူဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၎င်းအား ဩဂုတ်( ၁၂ )ရက် အစောပိုင်းတွင် နေအိမ်အတွင်းသေဆုံးနေသည်ကို တွေ့ရဖြင့် ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးက စစ်ဆေးကာ လူမှုကူညီရေးအသင်းက PPE အကာအကွယ်ဖြင့် ချက်ချင်းသဂြိုလ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ခရိုင်ပြည်သူ့ဆေးရုံရှိ ကိုဗစ်ကုသဆောင်တွင် ဆေးကုသမှုခံယူပြီး ရောဂါသက်သာပျောက်ကင်းကာ နေအိမ်သို့ပြန်သွားရသူတစ်ဦးမှာလည်း ရုတ်တရက် သေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇွန်လ (၂၀) ရက်နေ့မှ ဩဂုတ်လ (၁၂) ရက်နေ့အထိ Covid-19   ပိုးတွေ့သူ စာရင်းရရှိသည့်အရေအတွက် စုစုပေါင်း ( ၆၀၀ )ကျော် ရှိနေပြီဖြစ်ပြီး ဆေးရုံဆင်းသူ (၃၀၀) ကျော်ရှိသည်ဟု သိရသည်။