သိန္နီ နှင့် ကွတ်ခိုင်အကြားတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်အား သိန္နီ PDF ၏ ပြောက်ကျားစစ်သည်တော်များက ကြားဖြတ် တိုက်ခိုက်၊ အာဏာသိမ်းတပ်ဘက်က (၁၀)ဦးအထက် မနည်း သေဆုံး

Photo: သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)
Photo: သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)
သိန္နီ နှင့် ကွတ်ခိုင်အကြားတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်အား သိန္နီ PDF ၏ ပြောက်ကျားစစ်သည်တော်များက ကြားဖြတ် တိုက်ခိုက်၊ အာဏာသိမ်းတပ်ဘက်က (၁၀)ဦးအထက် မနည်း သေဆုံး
နိုဝင်ဘာ 24, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊  သိန္နီမြို့ နှင့် ကွတ်ခိုင်မြို့အကြားရှိ မန်ပြိန်းကျေးရွာဘက်မှ ကွတ်ခိုင်ဘက်သို့ အင်အား(၈၀)ဝန်းကျင်ဖြင့် ခြေလျင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်အား သိန္နီ PDF ၏ ပြောက်ကျားစစ်သည်တော်များမှ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က (၁၀)ဦးအထက်မနည်း သေဆုံးပြီး PDF ဘက်က (၃)ဦး ဒဏ်ရာရရှိကြောင်း  သိန္နီ PDF က သတင်းထုတ်ပြန်ထားသည်။ 

ကြားဖြတ် တိုက်ခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်က ချက်ချင်း ဆုတ်ခွာသွားပြီး ရှုခင်းသာဘက်တွင် အင်အားပြန်စုနေကြောင်း နှင့် သိန္နီမြို့ကို ကျော်၍ ထွက်ခွာလာမည့် အာဏာသိမ်းစစ်တပ်များ၏ လမ်းကြောင်းများတွင် ပြောက်ကျားအဖွဲ့များက တိုက်ခိုက်သွားမည်ဟုလည်း သိန္နီ PDF အသိပေးထားသည်။ 

လက်ရှိ ညနေ(၃)နာရီကျော်အထိတွင် လွိုင်ဆမ်ဆစ်တောင်၏ မြောက်ဘက် (၆)မိုင်အကွာတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရသည်။



"ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပါ။ တိုက်ပွဲက ထိတွေ့နေဆဲလို့ပဲ သိရပါတယ်။ အခြေအနေကတော့ ညအထိ တိုက်ပွဲ ဆက်ဖြစ်နိုင်ခြေ ရှိပါတယ်"ဟု သိန္နီ PDF ၏ ပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေးအဖွဲ့က Tachileik News Agency သို့ ပြောသည်။

သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)က  ပြောက်ကျားစနစ်ဖြင့် အာဏာသိမ်းစစ်တပ်အား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ဘေးကင်းရေးအတွက် ခရီးသွားပြည်သူများအနေဖြင့် အသွားအလာများ သတိထားကြရန် သိန္နီ PDF ၏ ပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေးအဖွဲ့က အသိပေးထားရှိသည်။