ကိုးကန့်တပ်မတော် နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာမှ အာဏာသိမ်းအဖွဲ့ဘက်က (၇)ဦးသေဆုံး

ကိုးကန့်တပ်မတော် နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာမှ အာဏာသိမ်းအဖွဲ့ဘက်က (၇)ဦးသေဆုံး
ဇူလိုင် 18, 2021 | ရှမ်းမြောက်

ကိုးကန့်တပ်မတော် (MNDAA) နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်တို့အကြား မုံးကိုးမြို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာမှ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ အနည်းဆုံး (၇)ဦး သေဆုံးသွားပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ်မတော် (MNDAA)၏ Covid-19 ရောဂါထိန်းချုပ်ရေးလုပ်ဆောင်နေသည့် နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ် ထိုးစစ်ဆင်လာသည့်အတွက် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ည(၆)နာရီခွဲက စတင်ကာ ည(၈)နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖက်က ဆုတ်ခွာသွားခဲ့ရကြောင်းကို MNDAA ၏ ဇူလိုင်လ(၁၅)ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကား၍ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။ 

အဆိုပါ တိုက်ပွဲကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံး (၇)ဦး သေဆုံးခဲ့သည့်အပြင် (၁၈)ဦးဝန်းကျင် ဒဏ်ရာရရှိသွားသော်လည်း ကိုးကန့်တပ်မတော် (MNDAA)ဘက်က တစ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 

Covid-19 ကူးစက်မှုအခြေအနေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာကို ချက်ခြင်းရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ကိုးကန့်တပ်မတော် (MNDAA)က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kokang Wc