တာချီလိတ်မြို့ မိုင်းဖုန်းဒေသအတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း ဖမ်းဆီးရရှိမှုကို (၁၁)ရက်ကြာမှ သတင်းထုတ်ပြန်လာ

တာချီလိတ်မြို့ မိုင်းဖုန်းဒေသအတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း ဖမ်းဆီးရရှိမှုကို (၁၁)ရက်ကြာမှ သတင်းထုတ်ပြန်လာ

တာချီလိတ်မြို့ မိုင်းဖုန်းဒေသအတွင်း ဇန်နဝါရီလ(၁၉)ရက်နေ့က ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း  နှင့် ကတ်တမင်း (၁၀)ကီလို ဖမ်းဆီးရှိမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် ရက်ပေါင်း (၁၁)ရက်အကြာဖြစ်သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့၏ CCDAC MYANMAR က သတင်းထုတ်ပြန်လာသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မန်းကမ္ဘောဇ(၄) စစ်ဆင်ရေး နှင့် ရွှေတြိဂံဒေသရှိ မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအကြား Operation 1511/22 စစ်ဆင်ရေးအရ ဆောင်ရွက်နေစဉ် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၏ ဒုရဲအုပ်ဝင်းမင်းသန်း၏ သတင်းရရှိမှုကြောင့် ဆက်စပ်ပြီး မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲမှူး ညီပု၊ ခရိုင်ရဲတပ်ဖွဲ့ရုံး(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကြည်လင်းစိုး နှင့် တာချီလိတ် စရဖ(စရတ) တပ်ကြပ်ကြီး တင်အောင်မိုးတို့ ပါဝင်သည့် အဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့ထံက သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ရွာအနီး ရာဘာခြံလမ်းအတွင်း  ဝှေလေလန် - ပါခုတ်ကျေးရွာသွားလမ်းပေါ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လည်(၁)နာရီကျော်အချိန်က  စိုင်းအွန်(ခ)အိုက်အွန် မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိုင်းအွန်(ခ)အိုက်အွန် မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ ခွကြားတွင် တင်ဆောင်လာသည့်  ဆာလာအိတ်များအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁)သိန်း နှင့် ကတ်တမင်း စုစုပေါင်း (၁၀)ကီလိုတို့ကို တွေ့ရှိရပြီးနောက် ဆက်စပ်၍ စိတ်ကြွရူးသွပ်ဆေးပြား (၁၆)သိန်းကို ထပ်မံ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းအွန်(ခ)အိုက်အွန်အား စစ်ကြောပြီးနောက် တာချီလိတ်မြို့နယ်၊ နမ့်လွတ်(ရှမ်း) ကျေးရွာရှိ ယိန်း နှင့် မနန်းအင် တို့၏ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းအား ဆက်လက်သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား (၁၆)သိန်း တွေ့ရှိရသည့် နေအိမ်မှာ အိုက်ဆီယွန်း(ခ) အိုက်ကျိုင်းဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ဖြစ်သည်ဟု သိရပြီး ၎င်း၏ ဆွေမျိုးတော်စပ်သူ အိုက်စီးကိုတော့ ဖမ်းမမိကြောင်း သိရသည်။

ကျပ်သိန်းပေါင်း (၇၆၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း နှင့် ကတ်တမင်း (၁၀)ကီလို ဖမ်းဆီးရရှိမှုများနှင့် ပတ်သက်၍ စိုင်းအွန် (ခ)အိုက်အွန် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသူဟုဆိုသည့် အိုက်စီး ဆိုသူတို့အား ဝမ်ပုံနယ်မြေရဲကင်းစခန်းတွင် မယ(ပ)၁/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၆)သိန်းဖမ်းဆီးရမိမှုနှင့် ပတ်သက်၍လည်း အိုက်ဆီယွန်း(ခ)အိုက်ကျိုင်း၊ အိုက်ယိန်း နှင့် နန်းအင် အပါအဝင် ဖမ်းမမိသေးသည့် အိုက်စီးတို့ကို ဝမ်ပုံနယ်မြေရဲကင်းစခန်းတွင် မယ(ပ)၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ လည်းကောင်း အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးဝါးများကို မည်သည့်နေရာဒေသတွင်မဆို ဖမ်းဆီးရရှိစေကာမှု ထိုင်းမူးယစ်ရဲတပ်ဖွဲ့က သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲ ချက်ချင်းပြုလုပ်ကာ ချပြလေ့ရှိသော်လည်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်သို့ ရဲမှူးချုပ်ဝင်းနိုင် ပြောင်းရွှေ့လာသည့် ၂၀၁၈ခုနှစ်ကတည်းက စပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများကို သတင်းမီဒီယာများသို့ အချက်အလက်များ မပေးရန် နှင့် မူးယစ်ရဲတပ်ဖွဲ့၏ Facebook Page ဖြစ်သည့် CCDAC Myanmar တစ်ခုတည်းကသာ အရင်ဆုံး ဖော်ပြရန် ညွှန်ကြားထားသည်ဟု မူးယစ်ရဲတပ်ဖွဲ့များထံက သိရသည်။