ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းခတ်တို့မှ လဝက ဝန်ထမ်း(၈)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းခတ်တို့မှ လဝက ဝန်ထမ်း(၈)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင်
မတ် 7, 2021 | ရှမ်းရှေ့

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ဒုတိယပြည်နယ်ဦးစီးမှူးရုံးအပါအဝင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းခတ်တို့မှ ဝန်ထမ်း(၈)ဦး သည် ပြည်သူဘက်က ရပ်တည်ကာ CDM တွင် ပါဝင် လုပ်ဆောင်လိုက်ကြောင်း သိရသည်။



လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၏ ဒုတိယပြည်နယ်ဦးစီးမှုးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နန်းလှလှထွေး  နှင့် အမှုတွဲထိန်း ဦးသီဟခိုင်မြဲ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးလယ်မယ်ရဲဒီး နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နန်းခမ်းလောင်၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းရီ၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်စမ်းသီတာအောင် နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းထူးထက်ကျော်နှင့်  မိုင်းခတ်မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးလာဇာလုတို့ (၈)ဦးသည် မတ်လ၏ ပထမအပတ်ကတည်းက CDM လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၈)ဦးသည် အထက်အရာရှိများအား မလေးမစားပြုလုပ်ခြင်း မဟုတ်သလို ဌာနအား မထိမဲ့မြင်ပြုလုပ်ခြင်းမဟုတ်ကြောင်းအပြင် ယခုလို CDM လုပ်ဆောင်ခြင်းသည် အလုပ်တာဝန်က နုတ်ထွက်လိုက်ခြင်းမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် လုပ်ငန်းတာဝန်များကို မလုပ်ဆောင်လိုတော့၍ ဖြစ်ကြောင်း သိရသည်။

ပြည်သူကရွေးချယ်သည့် ပြည်သူ့အစိုးရလက်အောက်တွင်သာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency