ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာအုပ်စုလမ်းမတွင် ဈေးဝယ်သွားမည့် (၄)နှစ်အရွယ်ကလေး အပါအဝင် ရွာသား (၃)ဦး မိုင်းနင်းမိ

ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာအုပ်စုလမ်းမတွင် ဈေးဝယ်သွားမည့် (၄)နှစ်အရွယ်ကလေး အပါအဝင် ရွာသား (၃)ဦး မိုင်းနင်းမိ
နိုဝင်ဘာ 1, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကြူရှောကျေးရွာအုပ်စုဘက်မှ ကျောက်မဲမြို့ဘက်သွားသည့် ဒေသတွင်းသုံး အဓိကလမ်းမဖြစ်သည့် ကျေးရွာလမ်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ( ၁ ) ရက် နံနက်ပိုင်းက ကျောက်မဲသို့ဈေးသွားဝယ်သည့်  သားအဖ(၂)ဦးအပါအဝင် အရပ်သား (၃) ဦး မိုင်းနင်းမိကြောင်း သိရသည်။

 ကြူရှော - ကျောက်မဲ ကျေးရွာလမ်းအတိုင်း ကျောက်မဲတွင်ဈေးဝယ်ရန် ထွက်လာသည့် ကြူရှော(တောင်)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ မိုင်းဘထွန်း၏ဆိုင်ကယ် မိုင်းနင်းမိသွားပြီးနောက် အဆိုပါလမ်းအတိုင်းပင် ကျောက်မဲသို့ဈေးဝယ်ရန်ထွက်လာသည့်  ကုန်းသာရွာမှ သားအဖ (၂) ဦး၏ ဆိုင်ကယ်မှာလည်း ထပ်မံ၍ မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။

တစ်ယောက်က ကြူရှော(တောင်)ရွာက အုပ်ချုပ်ရေးမှူးရဲ့သား မိုင်းဘထွန်း။ သူက မိုင်းထိတာ ဒဏ်ရာများတယ်။ မိုင်းဘထွန်းက မိုင်းထိပြီးနောက်မှ အဲဒီလမ်းကနေပဲ ကျောက်မဲကို ဈေးဝယ်ဖို့ဆိုပြီးသွားတဲ့ နောက်တစ်ယောက်က ကြူရှောကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာက တာအကစ်နဲ့ သူ့သားလေး မိုင်းအလွင်လည်း မိုင်းထိတယ်။ ထိတဲ့သူတွေကို ဆေးကုသမှုခံနိုင်ဖို့ အခုမှ ကြိုးစားနေတုန်းပဲရှိသေးတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

ဒေသတွင်း အသုံးပြုနေသည့် အဓိကလမ်းဖြစ်သော ကျောက်မဲ - ကြူရှောကျေးရွာလမ်းတွင် မိုင်းထိသွားသည့် ကလေးငယ်မှာ အသက် (၄) နှစ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် TNLA နှင့် RCSS/ SSA တို့ကြား ဩဂုတ်လအတွင်းမှစ၍ နေ့စဉ် တိုက်ခိုက်မှုများရှိနေပြီး ကျောက်မဲ - ကြူရှောကျေးရွာလမ်းတွင်လည်း အောက်တိုဘာလ (၃၁) ရက်နေ့အထိ တိုက်ပွဲများရှိနေသဖြင့် ဒေသခံများမှာ သွားလာ၍မရဘဲ စားနပ်ရိက္ခာလိုအပ်လာ၍ ဈေးဝယ်ထွက်လာစဉ် ယင်းကဲ့သို့ မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း မြို့နယ်အတွင်း TNLA နှင့် RCSS/ SSA တို့၏ တိုက်ပွဲများရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာလည်း များသဖြင့် ဒေသခံအများအပြား တိုက်ပွဲလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရကာ အချို့ဒေသခံများမှာ ကာလရှည်ကြာနေသည့်တိုင် ကျေးရွာသို့ ပြန်နိုင်ကြခြင်းမရှိသေးကြောင်း သိရသည်။