အောက်တိုဘာလအတွင်း ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ဘုရားကျောင်း နှင့် နေအိမ်များ စုစုပေါင်း (၃၂၆)လုံး မီးလောင်ဆုံးရှုံးခဲ့

Photo: Chin News Journal - CNJ
Photo: Chin News Journal - CNJ
အောက်တိုဘာလအတွင်း ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ဘုရားကျောင်း နှင့် နေအိမ်များ စုစုပေါင်း (၃၂၆)လုံး မီးလောင်ဆုံးရှုံးခဲ့
အောက်တိုဘာ 31, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်အတွင်း မြို့ပေါ် နှင့် ကျေးရွာများတွင် အောက်တိုဘာလအတွင်း ဘုရားကျောင်းများအပါအဝင် နေအိမ် အဆောက်အဦးပေါင်း (၃၂၆)လုံးကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဆုံးရှုံးနစ်နာသော ပြည်သူလူထုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း CJDCက သတင်းထုတ်ပြန်လာသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က စ၍ အောက်တိုဘာလ(၂၉)ရက်နေ့အထိ ဖလန်း၊ ဟားခါး၊ မင်းတပ်၊ မတူပီ နှင့် ထန်တလန်မြို့နယ်များရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ဘုရားကျောင်းများနှင့် နေအိမ်များ စုစုပေါင်း (၃၂၆)လုံးကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖျက်ဆီးမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်။ 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) မှ (၂၆) ရက်အတွင်း   ဖလမ်း - ဟားခါး လမ်းမကြီးပေါ်ရှိ ရာယ်သီးရပ်ကွက်တွင် အိမ်ခြေ (၁၀) အိမ်၊ တလန်ရောန်ကျေးရွာတွင် အိမ်ခြေ (၁၅) အိမ်၊ တားလ်ကျေးရွာတွင် အိမ်ခြေ (၁၁) အိမ်၊  ၂၀၂၁ခုနှစ်၊ အောက်တိုဘာ (၁၉) မှ (၂၃) ရက်နေ့အတွင်းတွင်လည်း မင်းတပ် - မတူပီလမ်းတစ်လျှောက် မင်းတပ် မြို့နယ်မိုင်တိုင်အမှတ် (၂၃ မှ ၇၀) မိုင်အထိ ပြည်သူများနေထိုင်ရာ ကျေးရွာများမှ နေအိမ် (၁၀၇) လုံးကို စက်တင်ဘာလ (၁၈)ရက်တွင် ထန်တလန်မြို့ရှိ လူနေအိမ် (၁၉)အိမ်၊ အောက်တိုဘာ (၂၉) ရက်တွင် နေအိမ် (၁၆၄) အိမ် ပြာကျပျက်စီး ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်အဆောက်အဦးပေါင်း (၃၂၆)လုံးတွင် ဘုရားကျောင်းများလည်း ပါဝင်ကြောင်း CJDC ဖော်ပြထားသည်။



ချင်းပြည်နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား အာဏာသိမ်းစစ်တပ်က လူမဆန်စွာ  မီးရှို့ ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သည့်အတွက်   Chinland Joint Defense Committee (CJDC) မှ လုံးဝကန့်ကွက်ရှုတ်ချပြီး ဆုံးရှုံးနစ်နာသော ပြည်သူလူထုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များသည်  Geneva Convention အား လိုက်နာမှုမရှိသည့်အပြင် စစ်ရာဇဝတ်မှုကိုပါ ချိုးဖောက်ခြင်း လုပ်ရပ်များဖြစ်သည့်အတွက် CJDC အနေဖြင့်  လူသတ် အကြမ်းဖက် စစ်ကောင်စီ၏ အာဏာရှင်စနစ်အား ပြည်သူလူထုများနှင့်အတူ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။



Chinland Joint Defense Committee သည် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် CDF-Tonzang, ZFU/PDF-Zoland, CNO/CNDF, CDF-Hakha, CDF-Thantlang, CDF-Matupi, CDF-Mindat, CDF-Kanpetlet, CDF-Paletwa, CDF-KKG, CDF-Dai, CDF-Zotung, MPC/CDF-Mara, CDF-Lautu, CDF-Zophei, CDF-Hualngo နှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ၎င်းအဖွဲ့ဝင် များအကြား စစ်ရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၌ အချိတ်အဆက်ရှိရှိ၊ ထိထိရောက်ရောက်၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ အစည်း ဖြစ်ကြောင်း သိရသည်။