တာချီလိတ်ဘက်မှ မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် မယ်ဆိုင်နယ်စပ် လှည့်ကင်း ပစ်ခတ်မှု ဖြစ်ပွားပြီး စိတ်ကြွဆေးပြား (၃)သိန်းကျော် ဖမ်းမိ

Photo: MAESAIPRESS
Photo: MAESAIPRESS
တာချီလိတ်ဘက်မှ မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် မယ်ဆိုင်နယ်စပ် လှည့်ကင်း ပစ်ခတ်မှု ဖြစ်ပွားပြီး စိတ်ကြွဆေးပြား (၃)သိန်းကျော် ဖမ်းမိ
အောက်တိုဘာ 30, 2021 | မှုခင်းသတင်း| မူးယစ်ဆေး

တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် ထိုင်းနယ်စပ် လှည့်ကင်းအဖွဲ့တို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား (၃) သိန်းကျော်ဖမ်းမိကြောင်း သိရသည်

ယနေ့ နံနက် (၄)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နှင့်အနီး တဖက် မယ်ဆိုင်မြို့၊ ကော့ချန်းမြို့နယ်ခွဲအတွင်း နယ်စပ်ချောင်းမှ ဖြတ်ကူးလာသည့် လူ (၄) ဦးအဖွဲ့ကို နယ်စပ်ကင်းလှည့်အဖွဲ့က ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာကိုရှာဖွေရာ လူ (၄) ဦးမှာ တာချီလိတ်ဘက်သို့ ပြန်ကူးသွားသည်ဟု ယူဆရပြီး သစ်သားပုံးအတွင်း ပလတ်စတစ်ဖြင့် ထည့်၍သယ်လာသည့် 555 အမှတ်တံဆိပ်ပါသည့် စိတ်ကြွဆေးပြား (မက်သာအက်ဖီတမင်း) (၃၂၀၀၀၀) ပြားနှင့် ကျည်ဆံအချို့ကို တွေ့ရကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့် ကျည်ဆံအချို့ကို ကော့ချန်းရဲစခန်းသို့ ပို့ဆောင်ပြီး အမှုကို ဆက်လက်ဖေါ်ထုတ်နေကြောင်း သိရသည်။