တောင်ကြီးမြို့တွင် ဒေသန္တရအမိန့် ချိုးဖောက်ပြီး ဖွင့်လှစ်သည့် KTV ကို ဝင်ရောက် ဖမ်းဆီး 

တောင်ကြီးမြို့တွင် ဒေသန္တရအမိန့် ချိုးဖောက်ပြီး ဖွင့်လှစ်သည့် KTV ကို ဝင်ရောက် ဖမ်းဆီး 
အောက်တိုဘာ 27, 2021 | ရှမ်းတောင်

Stay at Home နှင့် ညမထွက်ရ သတ်မှတ်ထားသည့် တောင်ကြီးမြို့တွင် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး ဖွင့်လှစ်နေသည့်  100% KTV အား ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှ (၃၀)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ အကူးပိုင်းအချိန်က ဖမ်းဆီးခြင်းဖြစ်သည်။

ယင်းကဲ့သို့ဖမ်းဆီးထားခြင်းမှာ လူ (၅) ဦးထက်ပိုမစုရ၊ ည (၁၀)နာရီမှ နံနက် (၄) နာရီအတွင်းမထွက်ရဆိုသည့် ဒေသန္တရအမိန့်ကို ချိုးဖေါက်၍ဖမ်းဆီးခြင်းဖြစ်သည်ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးက တောင်ကြီးအခြေစိုက် Kanbawza Tai News ကို အတည်ပြုထားကြောင်း သိရသည်။

တောင်ကြီးမြို့တွင် COVID-19 လူနာများလာသဖြင့် ၂၀၂၁ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့က စတင်၍ Stay at Home သတ်မှတ်ထားပြီး လက်ရှိအချိန်ထိ အကျုံးဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။

 

ရှမ်းပြည်နယ်အတွင်း၌ Covid-19 တတိယလှိုင်းကာလအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသော်လည်း  ဒေသအာဏာပိုင်များကိုယ်တိုင်က ဒေသန္တရအမိန့်ကို  ရှိုးဖောက်ပြီး KTV ကို ဖွင့်လှစ်ပေးထားရာတွင် တိုင်ကြားသူရှိပါက ဖမ်းဆီးခြင်း ပြုလုပ်ပြီး တိုင်ကြားသူမရှိပါက မသိသလိုနေသည်ဟု သိရသည်။

100% KTV ဖမ်းခံရတယ်ဆိုတာ ကြားတယ်။ သူတို့ပဲ ဖွင့်ခွင့်ပေးထားကြတာ။ ခုမှ ထဖမ်းတာက စဉ်းစားစရာဘဲ။ Covid-19 ကာလအတွင်း စည်းကမ်းချို့ဖောက်လို့ ဖမ်းတယ်ဆိုရင် ဒီရက်ပိုင်း စစ်တပ်ထောက်ခံပွဲတွေမှာ လူစုလူဝေး လုပ်နေတာရှိတယ် အဲ့ဒါတော့ ဘာလို့ မဖမ်းလဲ။ စစ်တပ်ကို ဆန့်ကျင်ရင်တော့ လူ(၅)ယောက် မပြည့်လည်း ဖမ်းတာပဲ။  အခုလို တပ်ထောက်ခံပွဲဆိုပြီး လူစုလူဝေးဖြစ်နေတာကိုလည်း တားမြစ်သင့်တာပေါ့

ဟု တောင်ကြီးဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၇)ရက်နေ့ တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း Covid-19 တတိယလှိုင်း မစတင်မီ နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းထားကတည်းက အာဏာလွှမ်းမိုးရေးအတွက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်ပြီး Covid-19 တတိယလှိုင်း ဖြစ်ပွားလာသည့်အချိန်တွင် ဒေသစိုးမိုးရေး နှင့် Covid-19 ထိန်းချုပ်ရေးဟုဆိုကာ ညမထွက်ရအမိန့်များကို ထပ်တိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။