အာဏာသိမ်းစစ်ကောင်စီက လိုင်စင်သိမ်းသည့် (၉) ခုမြောက် မီဒီယာအဖြစ် Delta News Agency ကို လိုင်စင်သိမ်း

အာဏာသိမ်းစစ်ကောင်စီက လိုင်စင်သိမ်းသည့် (၉) ခုမြောက် မီဒီယာအဖြစ် Delta News Agency ကို လိုင်စင်သိမ်း
အောက်တိုဘာ 24, 2021 | အခြားဒေသများ
By Tachileik News Agency

အာဏာသိမ်းအဖွဲ့က ဧရာဝတီတိုင်းအခြေစိုက် Delta News Agency ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့က လုပ်ငန်းလိုင်စင်သိမ်းလိုက်သဖြင့် အာဏာသိမ်းအဖွဲ့က လုပ်ငန်းလိုင်စင်သိမ်းလိုက်သည့် လွတ်လပ်သည့်သတင်းဌာန (၉) ခုရှိလာပြီဖြစ်သည်။

Delta News Agency သည် ပြည်သူများဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ပြီး ဒီမိုကရေစီစနစ်အရ တရားဝင်အာဏာအပ်နှင်းထားသည့် အစိုးရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီးဌာနတွင်သာ ဥပေဒနှင့်အညီ တရားဝင်မှတ်ပုံတင်ခဲ့သည်။ ယခုစာပေးပို့လာသော အဖွဲ့အစည်းသည် ပြည်သူများဆန္ဒနှင့်အညီ ရွေးကောက်တင်မြောက်ထားသည့် အစိုးရတရပ်ကို လက်နက်အားကိုးဖြင့် အာဏာသိမ်းပုန်ကန်သည့် အကြမ်းဖက်အဖွဲ့အစည်းတရပ်မှ ဖွဲ့စည်းပေးထားသော ဝန်ကြီးဌာနအမည်ခံ အဖွဲ့အစည်း ဖြစ်သောကြောင့် လူကြီးမင်းများ အနေဖြင့် ကျွန်ုပ်တို့ Delta News Agency ကို ပိတ်သိမ်းပိုင်ခွင့် လုံးဝ(လုံးဝ) မရှိကြောင်း သိစေအပ်သည်

ဟု Delta News Agency တည်ထောင်သူ ကိုစိုးရက လိုင်စင်ပိတ်သိမ်းမှုနှင့်ပတ်သက်၍ တုန့်ပြန်ထားသည်။

ပြည်သူရွေးကောက်ထားသည့် အစိုးရကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးပြီး အာဏာသိမ်းထားသည့် အဖွဲ့က မတ်လ (၃) ရက်နေ့တွင် ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ် သတင်းဌာနများကို လည်းကောင်း၊ ဧပြီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) အား လည်းကောင်း၊ ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ် နှင့် The 74 Media တို့ကိုလည်းကောင်း အသီးသီး လိုင်စင်များပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် Irrawaddy သတင်းဌာနကိုလည်း ပုဒ်မ ၅၀၅ ကဖြင့် အမှုဖွင့်ထားပြီး ရန်ကုန်ရှိရုံးခန်းကို အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းနှင့် အောက်တိုဘာလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းတို့တွင် (၂) ကြိမ်တိတိ ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ခဲ့သည်။

သတင်းသမားများအား ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့အထိ အမှုဖွင့်ခြင်း၊ ဖမ်းဆီးခြင်းခံရသည့် ပြည်တွင်းပြည်ပ သတင်းသမားစုစုပေါင်း (၁၃၀) ဦးရှိနေသည့်အနက် (၁၀၃)ဦးဖမ်းဆီးခံရကာ (၆၈) ဦးပြန်လည်လွတ်မြောက်လာကာ (၃၅) ဦးမှာ ဆက်လက်ထိန်းသိမ်းခံရဆဲဖြစ်သည်။ 



အာဏာသိမ်းအဖွဲ့က လူထုလက်မခံသည့် အာဏာသိမ်းမှုနှင့်ပတ်သက်၍ သတင်းဖေါ်ပြနေသည့် လွတ်လပ်သည့်သတင်းမီဒီယာများအား လိုင်စင်ပိတ်သိမ်းခြင်း၊ တရားစွဲဆိုခြင်း၊ သတင်းသမားများအား လိုက်လံဖမ်းဆီး၊ အမှုဖွင့်ခြင်း နည်းလမ်းမျိုးစုံဖြင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးနေခြင်းဖြစ်သည်။