အရာတော်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးစခန်းနှစ်ခုကို ဝင်စီးသည့် အာဏာသိမ်းအဖွဲ့ အပြန်လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

အရာတော်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးစခန်းနှစ်ခုကို ဝင်စီးသည့် အာဏာသိမ်းအဖွဲ့ အပြန်လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ
အောက်တိုဘာ 22, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ နံနက်အစောပိုင်းတွင် ကျေးရွာအတွင်းရှာဖွေမှုနှင့် ဒေသခံကာကွယ်ရေးစခန်းနှစ်ခုကို ဝင်စီးနင်းမှု ပြုလုပ်ပြီး ပြန်လာသည့် အာဏာသိမ်းစစ်တပ်မှာ အပြန်လမ်းတွင် (၂) ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စခန်းများစီးနင်းပြီးပြန်လာသည့် အာဏာသိမ်းစစ်တပ်ကို ကံသုံးဆင့်ရွာအနီးတွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) တောင်ပိုင်းညီနောင်များက နေ့လယ် (၁၁) နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညောင်ပင်ရွာအနီးတွင်လည်း ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းတပ်ဘက်မှ ထိခိုက်မှုကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသခံကာကွယ်ရေးတပ်များမှာ စခန်းဝင်စီးနင်းမှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အထိအခိုက်မရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အင်အား (၂၀၀)ဝန်းကျင်ဖြင့် အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၄) နာရီဝန်းကျင်တွင်  ဒိုင်နာကား၊ မှန်လုံကား၊ လိုက်ထရပ်ကားများဖြင့် မြင်းမူလမ်းဘက်မှ မီးပိတ်မောင်း၍ ဝင်လာကြပြီး တောင်လက်၊ ကန်ရင်းကျေးရွာနှင့် အနီးတဝိုက်ကို ဝင်ရောက်ရှာဖွေ စီးနင်းခြင်းဖြစ်ကြောင်း သိရသည်။

 

‌အာဏာသိမ်းစစ်တပ်သည် ကန်ရင်းမြောက်တောရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို နံနက်အစောပိုင်းက ဝင်စီးကာ မီးရှို့ခဲ့ပြီး ကန်ရင်းတောင်တောရှိ စခန်းတစ်ခုကို ဆက်လက်ဝင်စီးကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ကန်ရင်းရွာအတွင်း နေအိမ်များကို ဝင်ရောက်ရှာဖွေစဉ် အရပ်သားပြည်သူ (၆) ဦးကို ရိုက်နှက်ပြီး ဖုန်းများယူသွားခဲ့သည့်အပြင် ရွှေထည်ပစ္စည်းတချို့၊ ကားတစ်စီး၊ ဆိုင်ကယ်၊ ငွေသား(၈)သိန်းကျော်၊ တန်ဖိုးရှိပစ္စည်းတချို့ကို အာဏာသိမ်းစစ်တပ်အဖွဲ့က ယူသွားသည်ဟု သိရသည်။

ကျေးရွာများအတွင်း အာဏာသိမ်းအဖွဲ့၏ နောက်ချန်အင်အားရှိနေဆဲဖြစ်၍ ကန်ရင်းရွာနှင့် ရွာနီးချုပ်စပ်မှ ဒေသခံများမှာ ရွာတွင်းပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

#TachileikNewsAgency